မကွေးတိုင်းဒေသကြီးအတွင်း၌ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အနန္တစေတနာဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး စက္ခုအလင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးအလှူတော်မင်္ဂလာအဖြစ် အခမဲ့ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်

မင်းဘူး မတ် ၁၂

မကွေးတိုင်းဒေသကြီးအတွင်း၌ မျက်စိခွဲစိတ်ကုသရန် အခက်အခဲရှိသော လူနာများအတွက် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အနန္တစေတနာဖောင်ဒေးရှင်းတို့ ပူပေါင်းပြီး စက္ခုအလင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးကုသိုလ်ပြုအလှူတော်မင်္ဂလာအဖြစ် အခမဲ့ခွဲစိတ်၊ ဆေးကုသပေးခြင်းများကို မတ်လ ၃ ရက်မှ ၁၂ နေ့အထိ ကုသရေးစင်တာ သုံးနေရာသတ်မှတ်ပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မော်ဘီမြို့၊ သဲဖြူတောရကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတ၏ ဩဝါဒကိုခံယူ၍ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အနန္တစေတနာ ဖောင်ဒေးရှင်းတို့ ပူပေါင်းဆောင်ရွက်သည့် စက္ခုအလင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး ကုသိုလ်ပြုအလှူတော်မင်္ဂလာအဖြစ် မကွေးတိုင်းဒေသကြီးအတွင်းမှ အကြောင်းအမျိုးမျိုးကြောင့် မျက်စိခွဲစိတ်ကုသရန် အခက်အခဲရှိသော အတွင်းတိမ်လူနာများအား ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးများက သတ်မှတ်ရက်အလိုက် အခမဲ့ခွဲစိတ်ကုသပေးခြင်း၊ သွားနှင့်ခံတွင်း လူနာများအား သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက အခမဲ့ဆေးကုသပေးခြင်းများနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်မှ ၁၂ ရက်နေ့အထိ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါနေရာများ၌ အခမဲ့ဆေးကုသပေးခြင်း ဆောင်ရွက်နေမှုများကို သဲဖြူတောရ ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတ အမှူးပြု၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် တာဝန်ရှိသူများက မတ်လ ၁၁ နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးကာ ဆရာတော်ကြီးနှင့် စေတနာရှင်အလှူရှင်များက ဆေးကုသမှုခံယူနေသည့် လူနာများအတွက် အလှူငွေနှင့်ဆေးဝါးများ လှူဒါန်းပေးအပ်ခဲ့သည်။

ဆက်လက်ပြီး စက္ခုအလင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးကုသိုလ်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကို မင်းဘူးခရိုင် ပြည်သူ့ဆေးရုံးကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ သဲဖြူတောရ ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတထံမှ ငါးပါးသီလခံယူဆောက်တည်၍ အနုမောဒနာတရာတော်များ နာယူကြည်ညိုကာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် တာဝန်ရှိသူများက သဲဖြူဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အနန္တစေတနာဖောင်ဒေးရှင်းဥက္ကဋ္ဌမှ အလှူငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်း၊ သဲဖြူတောရကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတ အရှင်သူမြတ်မှ မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးအတွက် ဆေးပဒေသာပင် အလှူတော်​အဖြစ် ငွေကျပ် သိန်း(၁၀၀)အား လှူဒါန်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများ ပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)