ပဲခူး မတ် ၁၂
ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှကြီးမှူး၍ မတ်လ (၁၁) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ သရက်ကုန်းစံပြကျေးရွာ၌ မော်တော်ဆိုင်ကယ်အခြေခံ ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မ တီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်မာသက်က သင်တန်းများ ဖွင့်လှစ်ခဲ့မှုနှင့် သင်တန်းဖွင့်လှစ်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများမှ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး ပြသထားသည့် သင်တန်းအထောက်အကူပြုပစ္စည်းများအား ကြည့်ရှု့ခဲ့ကြသည်။
အဆိုပါ သင်တန်းအား မတ်လ (၁၁) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပြီး သင်တန်းသား (၂၀) ဦး တက်ရောက်ကာ ကျွမ်းကျင်နည်းပြသင်တန်းဆရာများမှ မော်တော်ဆိုင်ကယ်ဝါယာရိန်းစနစ်၊ နှစ်ချက်ခုတ်အင်ဂျင် အလုပ်လုပ်ပုံအကြောင်း၊ လေးချက် ခုတ်အင်ဂျင် အလုပ်လုပ်ပုံအကြောင်း၊ မော်တော်ဆိုင်ကယ် Suspension System အကြောင်းတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)