POLYTECHNIC UNIVERSITY (MAUBIN)၌ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားဆောင်ရွက်မှု အခမ်းအနား ကျင်းပ

မအူပင် မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် POLYTECHNIC UNIVERSITY (MAUBIN)၌ မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ်ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအားလုံးပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားအား ယမန်နေ့မွန်းလွဲ (၁) နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြန်မာစာဌာနမှ ဌာနမှူး ဒေါ်စုစုလှိုင်မှ မြတ်နိုးဖွယ်ရာ မြန်မာ့ရိုးရာနှင့် သနပ်ခါးခေါင်းစဉ်ဖြင့် ဟောပြောသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများမှ သနပ်ခါး‌များသွေးခြင်း၊ သနပ်ခါးလိမ်းခြယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်‌ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)