တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်

ထားဝယ် မတ် ၁၂

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ရာဘာသစ်ပါးလွှာနှင့် သစ်အချောထည်များ ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းသည် တိုင်းဒေသကြီးအတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသော ရာဘာပင်များကို သစ်ပါးလွှာပြုလုပ်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သောကြောင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊  တိုင်းဒေသကြီးတွင် ရင်းနှီးမြှပ်နှံမှုအနေဖြင့် အတိုင်းအတာ တစ်ခုအထိ  ရင်းနှီးမြှပ်နှံဆောင်ရွက်ကြသူများရှိပြီး နောင်တွင် ရင်းနှီးမြှုပ်နှံမှု များပြားလာနိုင်ကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်သည် လုပ်ငန်းများ ပြန်လည်၍လည်ပတ်အောင် ဆောင် ရွက်လာနိုင်သည်နှင့်အမျှ ပင်မလုပ်ငန်းဖြစ်သည့် ရေနံချက်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များလုပ်ငန်း အများအပြား ထွက်ပေါ်လာနိုင်သောကြောင့် ရင်းနှီးမြှပ်နှံမှုများလည်း များပြားလာနိုင်ကြောင်းနှင့် ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊  ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Eon Sai Mon Co., Ltd. က သဗျာကျေးရွာအုပ်စု၊ ထားဝယ်မြို့နယ်တွင် ရာဘာသစ်ပါးလွှာနှင့် သစ်အချောထည်များထုတ်လုပ် တင်ပို့ရောင်းချခြင်း လုပ်ငန်းအားလည်းကောင်း၊  တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အမြားကျေးရွာအုပ်စု၊ ထားဝယ်မြို့နယ်တွင် ဟိုတယ်နှင့်ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသော Kento Trading Co.,Ltd. က တည် ဆောက်ရေးကာလကို ဒုတိယအကြိမ်ထပ်မံတိုးမြှင့်ခြင်းနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)