တောင်ငူ မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းကို တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့တွင် ဆက်လက်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ ဦးသန့်ဇင် (Free Lancer)က အခြေခံအင်္ဂလိပ်ဘာသာစကား (Speaking) ကို သင်ကြားပေးလျက်ရှိပြီး တောင်ငူမြို့နယ် ပန်းချီပန်းပုအစည်းအရုံးနာယက ပန်းချီဆရာ ဦးစိုးမြင့်လေး (တောင်ငူ)မှ အခြေခံပန်းချီရေးဆွဲနည်းကို သင်ကြားပို့ချပေးသည်။
အဆိုပါသင်တန်းကို မတ် ၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံအင်္ဂလိပ်စကားပြောသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၆၁)ဦး၊ အခြေခံပန်းချီသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၄၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)