မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မကွေး မတ် ၁၂

၂ဝ၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူမိဘပြည်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကတော့ စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးတွေ ပြည့်ပြည့်ဝဝရရှိစေဖို့နဲ့ လိုက်နာရမယ့် တာဝန်တွေ သိရှိစေဖို့၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာတွေ တိုးပွားစေဖို့၊ စားသုံးသူများ စွမ်းဆောင်ရည် မြင့်မားစေဖို့၊ မျှတမှုရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဝန်းကျင်ကောင်းတစ်ခုရရှိစေဖို့နဲ့ စားသုံးသူတွေရဲ့ အခန်းကဏ္ဍ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ အာဆီယံစားသုံးသူကာကွယ်ရေး မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) အရ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေတွန်းအားပေး ဆောင်ရွက်သော လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူများ၏ စွမ်းဆောင်နိုင်မှုအဆင့်အတန်းကို လေ့လာအကဲဖြတ်တိုင်းတာနိုင်ရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများကို ချမှတ်ရာတွင် အထောက်အကူဖြစ်စေရေး ရည်ရွယ်၍ နှစ်စဉ်အာဆီယံစားသုံးသူ စွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်း (ASEAN Consumer Empowerment Index- ACEI) ကောက်ယူခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီအနေဖြင့် နိုင်ငံအဆင့် နှစ်စဉ်စားသုံးသူ စွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းများကို ကောက်ယူလျက် ရှိပါကြောင်း၊ “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားများကို နိုင်ငံတစ်ဝန်း ကျင်းပပြုလုပ်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားရဲ့ ဆောင်ပုဒ်ကတော့ “လူနေမှုဘဝအစဉ် တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့ (A Just Transition to Sustainable Lifestyles) ပဲဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် စားသုံးသူ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆက်စပ်ဌာနများ၊ စားသုံးသူအသင်းအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ကုန်စည်/ ဝန်ဆောင်မှုတွေမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော စားသုံးမှုဓလေ့များ ဖြစ်ပေါ်လာစေပြီး အနာဂတ်ကာလမှာလည်း ဝန်းကျင်ကောင်းတစ်ခုကို ပုံဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံနှင့်” “လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” ဟူသော ဆောင်ပုဒ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅) ရက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip ပြသခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ပြခန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ