ကဝ မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ပူပြင်းခြောက်သွေ့သည့် နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ရာတွင် ယခုအချိန်သည် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိပြီဖြစ်သည့်အတွက် မီးကို ပေါ့ဆစွာအသုံးပြုသူတစ်ဦးတစ်ယောက်၏ ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်ဆိုးနှင့် မကြုံတွေ့ရလေအောင် မီးသတ်တပ်ဖွဲ့ဥပဒေ (၁/၉၇) အရ ထုတ်ပြန်ထားသော မီးဘေးသတိမူရေး နှိုးဆော်ချက်များအားလို က်နာဆောင်ရွက်ကြရန်နှင့် ရုံးဌာန အဆောက်အဦများနှင့် အိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများပြုလုပ်ထားရှိရန်၊ အိမ်တိုင်းအိမ်တိုင်းတွင် ရေအိုး၊ ရေကန်၊ ရေပီပါများ၊ ရေအပြည့်ထားရှိရန်၊ မီးဖိုနှင့် ထရံကြားတွင် မီးမလောင်နိုင်သော ပစ္စည်း သွပ်ပြား၊ သံပြားများ ကာရံထားရန်၊ မီးဖိုနှင့် အမိုးအား အနည်းဆုံး (၅) ပေအကွာတွင်သာ ထားရှိရန်၊ ဟောင်းနွမ်ဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများအား အသုံးမပြုကြရန်၊ မီးသုံးစွဲမှုအား နံနက် (၄) နာရီမှ (၁၀) နာရီအထိ တစ်ကြိမ်နှင့် ညနေ (၄) နာရီမှ ည (၈) နာရီအထိ တစ်ကြိမ်သာ ချက်ပြုတ်သုံးစွဲရန် စသည်အချက်များအား မီးသတ်ဦးစီးဌာနမှ လိုက်လံနှိုးဆော်ခဲ့ပြီး၊ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် စိုးရိမ်ရသောလုပ်ငန်းများအား စစ်ဆေးခြင်းနှင့် သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)