လိပ်သို မတ် ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် နှစ်ရှည်ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ ဒေသခံတောင်သူများစိုက်ပျိုးလျက်ရှိသော နှစ်ရှည်သီးနှံပင်များစွာအနက် အာရေဗီးကားနှင့် ရိုဘတ်စတာ ကော်ဖီမျိုးများမှာ ယခုနှစ်ရာသီတွင် ဝေဝေဆာဆာ ဖူးပွင့်နေပြီး အောင်မြင်လျက်ရှိနေကြောင်း သိရသည်။
ယခင်က ဒေသထွက်ကော်ဖီများ ဈေးကောင်းမရရှိခဲ့၍ ရှိပြီး ကော်ဖီခြံများကို ပြုစုစောင့်ရှောက်မှုအားနည်းခဲ့ပြီး အခြားနှစ်ရှည်သီးနှံပင်များကို အစားထိုး စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်တွင် ကော်ဖီပင်များ ဝေဝေဆာဆာဖူးပွင့်လျက်ရှိနေခြင်း၊ ကော်ဖီစေ့များ ဈေးကောင်း ပြန်လည်ရရှိလာခြင်းနှင့်ဈေးကွက်ခိုင်မာမှုရှိခြင်းတို့ကြောင့် ကော်ဖီပင်များကို ပြုပြင်ထိန်းသိမ်းခြင်း၊ တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိနေကြောင်း ကော်ဖီစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
အဆိုပါ ကော်ဖီပွင့်များ ကောင်းမွန်စွာ ဝတ်မှုန်ကူးနိုင်ရန်နှင့် အောင်မြင်စွာ အသီးတင်နိုင်ရန် တောင်သူများ မျှော်လင့်လျက်ရှိနေပြီး သဘာဝဘေးဒဏ်မှ လွတ်ကင်းရန်နှင့် အပျက်အစီးမရှိရန် တောင်သူများ မျှော်လင့်လျက်ရှိနေကြောင်း သိရသည်။
ခင်လေးနွယ်