တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၅)သို့ တက်ရောက်

ထားဝယ် မတ် ၁၁

တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဒေသတွင်းက ခရီးစဉ်နေရာအသီးသီးတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက် ရည်ရွယ်ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို ပြုလုပ်နိုင်ခဲ့သည်မှာ (၁၈)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊  ဟိုတယ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်တည်ဆောက်ခွင့်ပြု (၁၅)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ်(၁၄)ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်အသစ်(၃)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ် (၂၉)ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်အသစ် (၃)ခု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်(၅၅)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း (၄၀)ခု၊ အဆင့်မြင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းအတွက် ခွင့်ပြု(၁၀)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်သက်တမ်းတိုးခြင်း(၃၃)ခု၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်သက် တမ်းတိုးခြင်း (၈၃)ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊  ယခုနှစ်ခရီးသွားလာရာသီတွင် ပြီးခဲ့သောနှစ်များထက် များပြားလာကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် တည်းခိုနေထိုင်ရေး၊ အစားအသောက်ကအစ လိုအပ်ချက်များကို ဟိုတယ် လုပ်ငန်းရှင်များက စီစဉ်ဆောင်ရွက်နေသလို  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အရေးကြီးကြောင်း၊ ကျွန်းစုမြို့နယ်သည် အများပြည်သူစိတ်ဝင်စားသော နေရာဖြစ်လာကြောင်း၊  မကြာခင် ကာလတွင် ထားဝယ်အထူးစီးပွားရေးဇုန်သို့ နိုင်ငံရပ်ခြားများ လာရောက်ရင်းနှီးမြှပ်နှံ မည်ဖြစ် ကြောင်း၊ ခရီးသွားဧည့်သည်များ ဝင်ရောက်လာပါက ဟိုတယ်များ အတိုင်းအတာတစ်ခုအထိ အောင်မြင်လာနိုင်ကြောင်း၊ ထားဝယ်ရေနက် ဆိပ်ကမ်းဖြစ်ထွန်းအောင်မြင်လာပါက နိုင်ငံခြားသားများ ဝင်ရောက်မှုပိုမိုများပြားလာနိုင်ပြီး  ဟိုတယ်များတွင် တည်းခိုနေထိုင်မှုမှာ နိုင်ငံတကာအဆင့်မီအောင် ယခုကတည်းက ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်ထား ရှိရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းနေရာ အသစ်များကိုလည်း ရှာဖွေလုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ပြီး သွားလာလည်ပတ်နိုင်အောင် ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ ဟိုတယ်များတွင် လူ့စွမ်းအားအရင်းအမြစ်များ ရရှိရန် သင်တန်းများ ဖွင့်လှစ်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသအတွင်းမှာရှိသော ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများ၊ ဟိုတယ်လုပ်ငန်းနှင့်ဆက်စပ်နေသူများ၊ စားသောက်ဆိုင် အပါအဝင် ပေါင်းစပ် ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပြည်တွင်းသာမက ပြည်ပမှဝင်ရောက်လာသော ခရီးသွားဧည့်သည်များကို ပြည့်စုံကောင်းမွန်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် လိုအပ်ပြီး ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကော်မတီမှ ဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ အမှာစာများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြ ချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)