ကျွန်းစု မတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးငယ်များအား အလှခြင်းထိုးသင်တန်း ဖွင့်လှစ် သင်ကြားခဲ့သည်။
သင်တန်းကို နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အိမ်တွင်းတစ်နိုင်တစ်ပိုင် ဝင်ငွေရရှိစေရန် ရည်ရွယ် ၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက ပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စုစုလှိုင်က အလှခြင်းထိုးနည်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သုတ၊ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကအလှခြင်းထိုးနည်းများကို စတင်သင်ကြားပေးလျက်ရှိပြီး သင်တန်းတွင် မြို့ပေါ်ရပ်ကွက်များက စိတ်ပါဝင်စားသူ အမျိုးသမီးငယ် ၁၅ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)