ငဖဲမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ ၂၀၆၉ ဧက ကောက်ယူပြီးစီး ၁၁၃၆၁၂၉ ပိသာထွက်ရှိ

ငဖဲ မတ် ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဆောင်းသီးနှံများစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် မိုးနှောင်းချည်မျှင်ရှည်ဝါ ၂၀၆၉ ဧက ကောက်ယူပြီးစီးပြီး စုစုပေါင်း ၁၁၃၆၁၂၉ ပိသာထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ်၌ ဝါသီးနှံစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီးအထွက်နှုန်းကောင်းမွန်သည့် ချည်မျှင်ရှည်ဝါရွှေတောင်-၈(၅၀၀)ဧက၊ ရွှေတောင်-၁၀(၅၉၀) ဧက၊ ငွေချည်-၉(၁၂၅)ဧက ငွေချည်-၁၁(၈၄၉) ဧကနှင့် B31(၅)ဧက စုစုပေါင်း(၂၀၆၉)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါဝါခင်းများကို ဖေဖော်ဝါရီလမှ စတင်ခူးဆွတ်ကောက်ယူခဲ့ရာ ယနေ့ထိ (၂၀၆၉)ဧက ကောက်ယူပြီးစီးပြီဖြစ်သည်။

ကောက်ယူပြီးစီးခဲ့သည့် မိုးနှောင်းချည်မျှင်ရှည်ဝါ ရွှေတောင်-၈(၅၀၀)ဧကတွင် တစ်ဧကလျင် ပိသာ ၅၄၀ နှုန်းဖြင့် ၂၇၀၀၀၀ ပိသာ၊ ရွှေတောင်-၁၀ (၅၉၀)ဧက တွင် တစ်ဧကလျင် ပိသာ ၅၅၀ နှုန်းဖြင့် ၃၂၄၅၀၀ပိသာ၊ ငွေချည်-၉ (၁၂၅)ဧကတွင် တစ်ဧကလျင် ၅၃၃.၂ ပိသာနှုန်းဖြင့် ၆၆၆၅၀ ပိသာ၊ ငွေချည်-၁၁ (၈၄၉)ဧကတွင် တစ်ဧကလျင် ၅၅၅ ပိသာနှုန်းဖြင့် ၄၇၁၄၇၉ ပိသာ နှင့် B31 ၅ ဧကတွင် တစ်ဧကလျင် ပိသာ ၇၀၀ နှုန်းဖြင့် ၃၅၀၀ ပိသာ စုစုပေါင်း ဝါပိသာချိန် ၁၁၃၆၁၂၉ ပိသာထွက်ရှိပြီး ဝါတစ်ပိသာလျင် ငွေကျပ် ၄၂၅၀ ကျပ်နှုန်းရောင်းချရကြောင်း သိရသည်။

ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံတိုးချဲ့စိုက်ပျိုးသည့်အကျိုးဆောင်တောင်သူများအား ဝါမျိုးစေ့နှင့်သွင်းအားစုပစ္စည်းများကို ထောက်ပံ့ပေးအပ်ထားပြီး ဝါသီးနှံများအထွက်နှုန်းကောင်းမွန်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ သွင်းအားစုများစနစ်တကျသုံးစွဲရေး၊ ပိုးသတ်ဆေးများစနစ်တကျသုံးစွဲရေး၊ သတ်မှတ်အထွက်နှုန်းပြည့်မီစေရေး ဝါသီးနှံများခူးဆွတ်ကောက်ယူရာတွင် လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးစနစ်တကျကောက်ယူကြရန် သက်ဆိုင်ရာကွင်းဝန်ထမ်းများကကွင်းဆင်းကြီးကြပ်၍ နည်းပညာပေးသင်တန်းများပို့ချခြင်း၊ ကျေးရွာအရောက်ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)