ထားဝယ် မတ် ၁၁
ထားဝယ်ခရိုင်အတွင်းရှိရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးရဲမှုထမ်းဟောင်း စည်းရုံးရေးကော်မတီအား ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား အလုပ်အကိုင်အခွင့် အလမ်းရှာဖွေပေးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး ထားဝယ်မြို့ သန့်ရှင်းသာယာလှပရေးအတွက်အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ထားဝယ်မြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့မှလည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရဲမှုထမ်းဟောင်းများအနေဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ရဲလုပ်ငန်းစဥ်များကို ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထားဝယ်ခရိုင် ရဲမှုထမ်းဟောင်းအဖွဲ့များအနေဖြင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များပိုမိုရရှိရေးဆောင်ရွက်ရန်၊ ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တာဝန်သိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်းနှင့်ကျန်းမာရေးအား အလေးထားဂရုစိုက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ကြက်ဥနှင့် လက်ဆောင်ပစ္စည်းပေးအပ်ပြီး ထားဝယ်မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့အတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)