ပြည် မတ် ၁၁
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ ပညာရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများအား ဥပဒေပညာရပ်ဆိုင်ရာ အသိပညာဖြန့်ဝေပေးနိုင်ရေး(တိုင်းဒေသကြီးအဆင့်) ဆင့်ပွားဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာပန်းခင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး(အနောက်)တိုင်းပညာရေးမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာချစ်ကိုကိုက အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံအားဖြင့် သိရှိနားလည်ရန်လိုအပ်သည့်ဥပဒေများကို အကျဉ်းမျှသိရှိနိုင်ရန်နှင့် ဥပဒေ၏ သဘောသဘာဝများကို နားလည်သဘောပေါက်စေရန် ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်၍ ယခုဆွေးနွေးပွဲသင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် ဥပဒေပါအကြောင်းအရာများကို သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျလေ့လာမှတ်သားကြရန် အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်အတွင်း ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၅ ဦးတက်ရောက်ကြပြီး သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ အစရှိသည့် ဥပဒေများနှင့်စပ်လျဉ်း၍ ဥပဒေပြဌာန်းသည့်သမိုင်းဖြစ်စဉ်၊ ဥပဒေပါစကားရပ်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပြစ်ဒဏ်အမျိုးအစားများအကြောင်း၊ ကင်းလွတ်ချက်များ၊ ကာကွယ်ခုခံပိုင်ခွင့်၊ အားပေးကူညီမှု၊ ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ တာဝန်နှင့်အခွင့်အရေးများစသည်တို့နှင့်သက်ဆိုင်သော ပြဋ္ဌာန်းချက်များကို နေပြည်တော်၌ သင်တန်းတက်ရောက်ခဲ့ပြီးသော နည်းပြဆရာ၊ ဆရာမများက မတ်လ ၁၀ ရက်မှ ၁၁ ရက်နေ့အထိ သင်တန်းကာလ နှစ်ရက်ကြာ ရှင်းလင်းဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)