ပုသိမ် မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ််မြို့နယ်၊ ကျုံမငေးမြို့၌ (၉၆)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက မဟာစွယ်တော်မြတ် ကိန်းဝပ်တော်မူရာ ဂန္ဓကုဋိတိုက်တော်၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာအခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ခဲ့ပြီးနောက် မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ဦးစီးပဓာနနာယက ဩဝါဒါာစရိယ မြို့နယ်တိုင်းဝိနည်းဓိုရ် သာသနဓဇဓမ္မာစရိယ၊ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တအရှင်ပညာဇောတ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒကထာများ နာကြားခဲ့ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများက ရှင်ဥပဂုတ္တမထေရ်မြတ်အား ပင့်ဆောင်ရွတ်ဆိုခြင်း၊ သိကြားဗြဟ္မာ၊ နတ်ဒေဝါများအား ပင့်ဆောင်ရွတ်ဆိုခြင်းနှင့် သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော် အရှင်မြတ်နှင့် ဇမ္ဗူပတိ ရုပ်ပွားတော်အရှင်သူမြတ်တို့အား ဂန္ဓကုဋိတိုက်တော်မှ ယာယီရွှေကျောင်းတော်သို့ ကြွချီကိန်းဝပ် အပူဇော်ခံရန်အတွက် ဘုရားပင့်ရွတ်ဆို ပူဇော်ခဲ့ကြသည်။
ထို့နောက်(၉၆)ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား မြတ်စွယ်တော်ဩဝါဒါစရိယ နာယကဆရာတော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော် အရှင်မြတ်နှင့် ဇမ္ဗူပတိရုပ်ပွားတော် အရှင်သူမြတ်တို့အား မြတ်စွယ်တော် ဂေါပကအဖွဲ့မှ ပင့်ဆောင်ခဲ့ကြပြီးအတုလဗုဒ္ဓ လက်ဝဲအောက်စွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ ကိန်းဝပ်အပူဇော်ခံရန်အတွက် ဘုရားပင့်ရွတ်ဆို ပူဇော်ခဲ့ကြပြီး အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ ဩဝါဒါစရိယဆရာတော်၊ နာယကဆရာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ယာရစ် (၇)ပတ်ပင့်ဆောင်ပူဇော်ခဲ့ကြပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံမငေးမြို့+ရန်ကုန် စက်ရုံဓမ္မရိပ်သာ မဟာနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တသုမန မဟာထေရ်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စက်ရုံဓမ္မရိပ်သာကျောင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ “တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို ဟောပြောဆွေးနွေး ခဲ့ပါကြောင်း၊ ထိုကဲ့သို့ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခြင်းအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်နေထိုင်ကြရန်နှင့် ဘာသာရပ်တိုင်းအား မိမိတို့နားလည်သ၍ ဖြေဆိုကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအား အောင်စိတ်မွေး၍ အောင်မြင်အောင်ကြိုးစားကြရမည်ဖြစ်ပါကြောင်းနှင့် ရာနှုန်းပြည့်အောင်မြင်ကြပါစေကြောင်း” အားပေးမှာကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကျူံဝါးကျေးရွာ၌ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သဘာဝမြေဩဇာပြုလုပ်နည်းနှင့် လက်တွေ့အသုံးပြုနည်းသင်တန်း၊ ရွက်ဖြန်းမြေဩဇာ (၅)မျိုးယှဉ်ပြိုင်စမ်းသပ်ခြင်း စမ်းသပ်ကွက်၊ အောင်နိုင်တိုးစပါးမျိုး စံပြစိုက်ခင်း၊ ရေဆင်းပေါ်ဆန်း(၂)စံပြစိုက်ခင်းများအား ကြည့်ရှု အားပေးခဲ့ပြီး စမ်းသပ်ကွက်များအား စနစ်တကျမှတ်တမ်းထားရှိရန် မှာကြားခဲ့ပြီး တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သဘာဝမြေဩဇာ လက်တွေ့လုပ်ဆောင်အသုံးပြုမှု အခြေအနေများ၊ သဘာဝ မြေဩဇာအသုံးပြုခြင်းကြောင့် ရနိုင်မည့်အကျိုကျေးဇူးများ၊ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအား တိုးတက်စေရေး ဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)