ဒေးဒရဲ မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ပိုမိုတိုးပွားစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် ဥာဏစွမ်းရည် ပြိုင်ပွဲများကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ နွေရာသီအခမဲ့သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည့်လုပ်ငန်းများကို ဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အခြေခံ ပညာမူလတန်းအဆင့် အဖွဲ့လိုက်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေဇာလင်း