ပွင့်ဖြူ မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် လိုက်လံကောက်ယူရှင်းလင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးခြင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် ဈေးကော်မတီဝင်များလိုက်ပါ၍ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး (၄)ခုရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွပ်ကြွပ်အိတ်များသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်း အသိပညာပေးရှင်းလင်းပြောကြား၍ အစားထိုးအသုံးပြုနိုင်သော ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူများကို အခမဲ့ဖြန့်ဝေပေးခြင်း၊ ဈေးဝယ်လာပြည်သူများကိုလည်း ဈေးဝယ်ရာ၌ မိမိတို့ နေအိမ်မှ လက်ဆွဲခြင်းများ တစ်ပါတည်း ယူဆောင်လာရေး အသိပညာပေးခြင်း၊ သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး မြို့ပတ်ဝန်းကျင်ရှိ စည်းကမ်းမဲ့ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများနှင့် ကြွပ်ကြွပ်အိတ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်းခြင်း၊ ပြည်သူများ အမှိုက်စနစ်တကျစွန့်ပစ်သည့် အလေ့အကျင့်များရရှိရေး စည်းရုံးဆွေးနွေးအသိပညာပေးခြင်းလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်သူများ အမှိုက်သရိုက်များ စွန့်ပစ်ရာ၌ စနစ်တကျဖြစ်စေရေး အမှိုက်သိမ်းယာဉ်များဖြင့် နေ့စဉ်အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်း၊ အမှိုက်ကျဉ်းများ စီစဉ်ဆောင်ရွက်စေပြီး အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကာ ဒေသတွင်း သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ကြွပ်ကြွပ်အိတ်များ လျှော့ချသုံးစွဲရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)