ခန္တီး မတ် ၁၁
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၁၇)ရက်နေ့မှ စတင်ဖြေဆိုမည်ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနတို့ပူးပေါင်းကာ မီးသတ်ဆေးဘူးများ ပြန်လည်စစ်ဆေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းထားမှုများစစ်ဆေးခြင်း၊ ချက်ပြုတ်သည့် မီးဖိုဆောင်များ မီးဘေးအန္တရာယ်မရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးချိတ်မီးကပ်၊ သဲပုံးရေပုံး၊ ရေကန်ထားရှိမှုများ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉)နာရီအချိန်က စာစစ်ဌာန အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)နှင့် ကျောင်းပတ်ဝန်းကျင်ရှိ လူနေအိမ်များ၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား/သူများ ဖြေဆိုနိုင်ရေးအတွက် ဖြေဆိုမည့်စာသင်ကျောင်းဆောင်များနှင့် ကျောင်းပတ်ဝန်းကျင်ရှိလူနေအိမ်များ မီးလောင်မှု/မီးလန့်မှု မဖြစ်ပွားမပေါ်ပေါက်စေရန် မီးဘေးကြိုတင်ကာကွယ်တားဆီးရေး လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ခန္တီးခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သူထံမှ သိရသည်။
ကမ်းကီး(ပြန်/ဆက်)