ထားဝယ် မတ် ၁၀
လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့" အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International)က ဦးဆောင်၍ နှစ်စဉ်မတ်လ ၁၅ ရက်နေ့ရောက်တိုင်း စားသုံးသူများ၏ အခွင့်အလမ်းများကို ဂရုပြုမြှင့်တင်သည့်အနေဖြင့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အခမ်းအနားများကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ နှစ်စဉ် မတ်လ (၁၅) ရက်နေ့ရောက်တိုင်း “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day)ကို ဦးဆောင်ကျင်းပဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် (၁၀)ကြိမ်မြောက် ရောက်ရှိပြီးဖြစ်ကြောင်း၊ စားသုံးသူများအတွက် ကုန်စည်အခြေခံလိုအပ်ချက်များအပေါ် သို့မဟုတ် ဝန်ဆောင်မှုများ၏ စိတ်ကျေနပ်မှုရရှိစေရန်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိရန်၊ လိုအပ်သော သတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာရရှိစေရန်၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိရန်၊ နစ်နာဆုံးရှုံးမှုများရှိပါက ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိရန်၊ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ကုစားခွင့်ရရှိစေရန်၊ အသိပညာ ဗဟုသုတအခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာခွင့်ရရှိစေရန်၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေရန်တို့ကို အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာလည်း စားသုံးသူများအတွက် စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိစေရန်နှင့် ရေရှည်တည်တံ့သော လူနေမှုဘဝများ မျှတအသွင်ကူးပြောင်းနိုင်ရေးတို့အတွက် အစိုးရအဖွဲ့ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များက “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ဆောင်ပုဒ်အတိုင်း ပူးပေါင်းဝိုင်းဝန်း ကြိုးစားလိုက်နာဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့" အထိမ်းအမှတ် Video Clip များ ပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြကြောင်း သတင်း ရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)