ပွင့်ဖြူမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အဟန့်အတားတစ်ခုဖြစ်စေ၍ ကိုယ်ကျင့်တရားထိခိုက်ပျက်ယွင်းမှုကိုဖြစ်စေပါကြောင်း၊ တစ်နည်းအားဖြင့် အဂတိလိုက်စားခြင်းသည် အကျိုးအမြတ်ကိုတွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုတစ်ခုပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တပျက်စီးခြင်း၊ မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်များ လျော့နည်းလာခြင်း၊ ကိုယ်ရည်ကိုယ်သွေးများကျဆင်းလာခြင်းကိုဖြစ်စေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာထိခိုက်နစ်နာမှုဖြစ်စေပါကြောင်း၊ ထို့ကြောင့် လူတစ်ဦးချင်းစီတိုင်း အဂတိတရား (၄)ပါး ကင်းရှင်းပြီး ကောင်းမွန်သော နိုင်ငံ့ဝန်ထမ်းများ/ လူပုဂ္ဂိုလ်များဖြစ်လာစေရန် ယခုကဲ့သို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှရရှိလာသည့် အသိပညာဗဟုသုတများကို ကိုယ်တိုင်သိရှိနားလည်ကာ မိမိမှတစ်ဆင့် မိမိတို့ပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ထပ်ဆင့်မျှဝေကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်နော်အယ်နီးထာစိုးက အဂတိလိုက်စားမှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် ကျူးလွန်ပါက အရေးယူခံရမည့် လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ မြို့နယ်စာရင်းစစ်အရာရှိ ဒေါ်ခင်ဌေးစီက ဌာနဆိုင်ရာလုပ်ငန်းများ၏ ခွင့်ပြုရန်ပုံငွေဖြင့် အသုံးစရိတ်များအပေါ်  စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အဂတိတရား (၄)ပါး ကင်းရှင်းရေး လိုက်နာရန်အချက်များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာ၌ အဂတိတရားကင်းရှင်းရေး လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း၊ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင် ပွင့်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးမင်းအောင်က အဂတိလိုက်စားမှုကျူးလွန်ပါက အရေးယူခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ဇာလီဖြိုးက နိုင်ငံတော်အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်များအနေဖြင့် အခွန်ဘဏ္ဍာငွေကောက်ခံမှုအပေါ် အဂတိတရားကင်းစွာဖြင့် ဆောင်ရွက်ရန်အချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)