ကျိုက်လတ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်

ကျိုက်လတ် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ပေချောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ် မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များ၊ မီးဘေးအန္တရာယ်အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက အလျင်အမြန်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ EV Car များ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးအသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှုများကို သရုပ်ပြသခဲ့ရာ အ.ထ.က (ပေချောင်)မှ ကျောင်းသား၊ ကျောင်းသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)