ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ပဲတီစိမ်းသီးနှံ (၂၆၀၄) ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးရာသီက စိုက်ပျိုးခဲ့သော ပဲတီစိမ်းသီးနှံ (၂၆၀၄) ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ပဲတီစိမ်းသီးနှံ (၂၆၀၄) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ စိုက်ပျိုးထားသော ပဲတီစိမ်း စိုက်ခင်းများကို ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စတင်၍ စနစ်တကျ ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ဩဂုတ်လကုန်တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးခဲ့ကြောင်း သိရသည်။

“မိုးသီးနှံစိုက်ပျိုးရာသီက ပွင့်ဖြူမြို့နယ်အတွင်း ပဲတီစိမ်းသီးနှံ (၂၆၀၄) ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ ပဲတီစိမ်း စိုက်ခင်းတွေကို တောင်သူတွေက ၂၀၂၄ ခုနှစ် ဇူလိုင်လကစပြီး ရိတ်သိမ်းခြွေလှေ့ခဲ့ကြရာ ဩဂုတ်လကုန်မှာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးခဲ့ပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့က တစ်ဧကကို ၁၉ ဒသမ ၃၀ တင်း ထွက်ရှိပါတယ်။ ပဲတီစိမ်းသီးနှံ ရိတ်သိမ်းခြင်းနဲ့ပတ်သက်ပြီး အထွက်နှုန်းများ လျော့နည်းမှုမဖြစ်အောင် အချိန်မီ စနစ်တကျ ရိတ်သိမ်းနိုင်အောင် တောင်သူတွေကို သီးနှံရိတ်သိမ်းနည်း အဆင့်ဆင့်ကို အသိပညာပေးတာတွေ ဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။ 

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက ဒေသတွင်းရှိ ပဲတီစိမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်နှင့် တိုးချဲ့စိုက်ပျိုးနိုင်ရန်ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေး၊  မြေဩဇာနှင့် စိုက်ပျိုးရေးသွင်းအားစုများ မှန်ကန်စွာ သုံးစွဲတတ်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးနှင့် အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာများ စသည့် အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ စပ်ဆက်ဌာနများနှင့် ပူးပေါင်းပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပဲတီစိမ်းသီးနှံသည် ဈေးကွက်ဝင်သီးနှံဖြစ်၍ အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည် ဆိုပါက ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရုံသာမက ပိုလျှံမှုကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်၍ သီးနှံဝင်ငွေ တိုးပွားကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သောကြောင့် ပဲတီစိမ်းသီးနှံကို နှစ်စဉ် တိုးချဲ့စိုက်ပျိုးနိုင်အောင် ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)