ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင် ဘုရားဖူးများဖြင့် အထူးစည်ကားများပြား

ငပုတော မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၌ တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲပွဲတော်ကာလ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားများပြားလျက်ရှိပြီး အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးအများအပြား ပိုမိုလာရောက်ကြ၍ စည်ကားလျက်ရှိကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင်၏ ဆံတော်အစစ်ဖြင့် တည်ထားသော ဘုရားတစ်ဆူဖြစ်သည့်အတွက် ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များသည် လမ်းခရီးဝေးသော်လည်းရောက်အောင် လာရောက်ဖူးမျှော်ကြပြီး ဥုပုသ်သတင်းသီလဆောက်တည်ခြင်း၊ အဓိဓ္ဓာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ ပရိတ်/ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ နဂါးစာကျွေးခြင်းတို့ကို ပြုလုပ်ကြသည့်အပြင် ပင်လယ်ကမ်းခြေ၏ သဘာဝအလှများကို ကြည့်ရှုခံစားပြီး ငွေတောင်ရေချိုးဆိပ်တွင် ရေချိုးအပန်းဖြေခြင်း၊ ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်းဝင်နေရာများနှင့် ဘုရားစေတီပုထိုးများအား သွားရောက်ဖူးမျှော်ခြင်း၊ ကျောက်ကလပ်သို့ သွားရောက်၍ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသူများဖြင့် စည်ကားပြီး၊ အစိုးရရုံးပိတ်ရက်များတွင် တည်းခိုဆောင်ပြည့်သည်အထိ နေ့ချင်းပြန်လာရောက်လည်ပတ်ကြသလို ညအိပ်တည်းခိုသူများလည်းရှိကြောင်း သိရသည်။

သမိုင်းဝင်မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို (တပေါင်းလဆန်း (၁)ရက်နေ့)မှ (တပေါင်းလပြည့်နေ့)အထိ (၁၅)ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ဘုရားဖူးဧည့်သည်များ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ဘုရားရင်ပြင်တော်ကိုလည်း တိုးချဲ့တည်ဆောက်ထားသည့်အတွက် ဘုရားဖူးများနားနေရန် များစွာအဆင်ပြေလျက်ရှိပြီး ဘုရားကြီးကို ပိုမိုကြည်ညိုသပ္ပါယ်စွာ ဖူးမျှော်ရသည့်အတွက် များစွာကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)