ကန့်ဘလူ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် ဒေသတွင်း သဘာဝမြစ်၊ ချောင်း ၊အင်း၊ အိုင်၊ ဆည် တမံများနှင့် ငါးမွေးမြူရေးလုပ်ငန်းများ အသင့်အတင့်ရှိသည့် ခရိုင်မြို့ တစ်မြို့လည်းဖြစ်သည်။ သို့သော်လည်း ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှုနည်းပါးခြင်း၊ ငါးသယံဇာတ ထုတ်လုပ်တိုးတက်မှုတို့ လျော့နည်းနေခြင်းတို့ကို တွေ့ရကြောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
သို့ဖြစ်၍ ကန့်ဘလူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ခရိုင်အတွင်းရှိ ကန့်ဘလူမြို့ နယ်နှင့် ကျွန်းလှမြို့နယ်များအတွင်း သဘာဝ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်တမံများ၌ ငါးသယံဇာတ များ စဉ်ဆက်မပြတ် ပိုမိုထုတ်လုပ်နိုင်စေရန်၊ ဒေသခံပြည်သူများ လူတစ် ဦးချင်း ငါးစားသုံးမှု တိုးတက်လာစေရန်၊ ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ ကိစ္စရပ်များ ရေရှည်ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ရေလုပ်သားများ၏ လူနေမှုဘဝပိုမိုမြင့်မားလာစေရန်၊ ရသင့်ရထိုက် သည့် အခွန်ဘဏ္ဍာငွေများ ပိုမိုရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ငါးသယံဇာတနှင့် ငါးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများစွာလည်းရှိ ကြောင်းသိရသည်။ ယင်းလုပ်ငန်းများမှာ အင်း ၊အိုင် ဧရိယာနှင့်ဆည် တမံကြီးများအတွင်း တရားမဝင်ရွှေတူးဖော် ခြင်းလုပ်ငန်းများ ဆောင်ရွက် နေခြင်းများကြောင့် ငါးများနေထိုက်ကျက်းစား ပေါက်ပွားကြီးပြင်းရာ ရေပြင်များ ပျက်စီးဆုံးရှုံးခြင်း၊ ရွှေတူးဖော်ရာ တွင် ပါဝင်အသုံးပြုသည့် ဓာတုအဆိပ်အတောက် များကြောင့် ငါးများသေကျေပျက်ဆီး ဆုံးရှုံးရခြင်းများကို ဖြစ်ပေါ်စေလျက်ရှိသည်။
ထို့ပြင် အင်း ၊အိုင် ဧရိယာများအတွင်း၌ရှိသည့် ငါးနေထိုင်တောများကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာနှင့် အခြားစိုက်ပျိုးမြေများ တိုးချဲ့ဆောင်ရွက်လာခြင်းများကြောင့် ငါးများ နေထိုင် ပေါက်ပွားစရာ ရှားပါးလာကာ မျိုးပွားမှုနှုန်းလည်း ကျဆင်းလာလျက်ရှိကြောင်း သိရသည်။ ၎င်းအပြင် အင်းရေပြင်များနှင့် တစ်ဆက်တစ်စပ်တည်းရှိသည့် စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုနေကြသော ပိုးသတ်ဆေးအမျိုးမျိုး၊ ပေါင်းသတ်ဆေး အမျိုးမျိုး တို့ကြောင့်လည်း ငါးသယံဇာတများ သေကျေပျက်စီးဆုံးရှုံးကြရသည်။
လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် တောင်သူများအနေဖြင့် ပိုးသတ်ဆေးသုံးစွဲရာ တွင် ငါးဆေးခတ်ခြင်းမျိုး သဘောကို ဦးတည်ရည်ရွယ်ဆောင်ရွက်ခြင်း မဟုတ်သော်လည်း ဆက်စပ် ဖြစ်ပေါ်မှု အခြေအနေများကြောင့် ငါးများသေကျေပျက်စီးမှုများလည်း ရှိနိုင် ကြောင်း သိရသည်။ မျိုးငါးကြီးများ ” ဥ ” ချသားပေါက်ချိန် (ငါးရစ် ငါးသန် ချိန်) များတွင် ရေလုပ်သားကြီး များ၏ မဆင်မခြင် ငါးဖမ်းဆီးမှုများကြောင့်လည်း ငါးသားပေါက် ပွားနှုန်း များကို ကျဆင်းစေသည်။
ငါးသယံဇာတ ပြုန်းတီးမှုကို အဓိကခြိမ်းခြောက်နေသည်မှာ ယခုလက်ရှိအချိန်တွင် ဘက်ထရီ လျှော့တိုက် ငါးဖမ်းဆီးခြင်းလို့ ခေါ်သည့် “ကျဉ်စက်” ကို အသုံးပြုပြီး တရားမဝင် ငါးဖမ်းဆီးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ အဆိုပါ ကျဉ်စက်ဖြင့် ငါးဖမ်း ဆီးခြင်းကြောင့် ရေပေါ်ရေအောက်တွင် ရှိကြသည့် ငါးကြီး၊ ငါးလေးနှင့်အရွယ် မရောက် သေးသည့် ငါးကလေးများပါ သေကျေပျက်စီးဆုံးရှုံးရသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေကြောင်း သိရသည်။
ကျဉ်စက်ထိပြီး အသေဘဲကျန်ခဲ့သော ငါးများတွင် မျိုးငါးအထီးကြီးတွေနှင့် အမတွေသည် နောက်ထပ်မျိုးပွားမှု၊ သန္ဓေအောင်ဖို့ မလွယ်ကူတော့ပေ။ အခြားအရွယ်များတွင်မူ အရိုး၊ အကြောများ ထိခိုက်ပြီး ကျန်းမာသန်စွမ်းသည့် ငါးများဖြစ်မလာနိုင်တော့ကြောင်းနှင့် ကျဉ်စက်ကို အသုံးပြုသူအတွက်လည်း အခန့်မသင့်ပါက အသက်ပါ ဆုံးရှုံးနိုင်ကြောင်း သိရ သည်။ ထို့ပြင် ကမ္ဘာက အသိအမှတ်ပြုထားသည့် ရေနေနို့တိုက်သတ္တဝါဖြစ်ပြီး မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးစာရင်းဝင် “ဧရာဝတီလင်းပိုင်” များသည်လည်း ကျဉ်စက်ဒဏ် ကြောင့် နှစ်စဉ်သေဆုံးနေသည်ကို ဝမ်းနည်းဖွယ်ကြုံတွေ့နေရကြောင်းသိရသည်။
“ဒီလိုဖြစ်စဉ်မျိုးများ ဆက်လက်မဖြစ်စေဖို့ ၊လုံးဝပပျောက်သွားစေဖို့ ကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျွန်တော်တို့ငါးလုပ်ငန်းဦးစီးဌာနနဲ့ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ပူးပေါင်းပြီး ဧရာဝတီမြစ်အတွင်းမှာ ကွင်းဆင်းလျက် ပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ဖမ်းဆီးအရေးယူ ခြင်းများဖြင့် ထိန်းသိမ်းရေး လုပ်ငန်း များကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ကန့်ဘလူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုဦးက ပြောသည်။
ကန့်ဘလူခရိုင်အတွင်းရှိ အင်းနှင့်ဆည်ကြီးများအတွင်းတွင်လည်း ငါးရစ် ငါးသန်ကာလ ငါးမဖမ်းဆီးဆီးရေး၊ ဘက်ထရီရှော့ခ်တိုက် ကျဉ်စက်ဖြင့် ငါးမဖမ်းဆီးရေး လုပ်ငန်းများ ကိုလည်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေး အရေးယူ ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကွင်းဆင်းစစ်ဆေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသလို တစ်ဖက်တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် လျော့နည်း ကုန်ဆုံး သွားသည့် ငါးသယံဇာတများ စဉ်ဆက်မပြတ် ပြန်လည်တိုးပွား လာစေရေးအတွက် အင်းနှင့်မြစ်ကြီးများ၊ ဆည်တမံကြီးများအတွင်းသို့ ငါးသားပေါက်များ၊ ပုစွန်သား ပေါက်များကို နှစ်စဉ် မျိုးစိုက်ထည်းပေးလျက်ရှိရာ ယခုနှစ်တွင် (ကန့်ဘလူ၊ကျွန်းလှ) စုစုပေါင်း ငါးသား ပေါက်ကောင်ရေ ၆၉၀၀၀၀ ၊ ပုစွန်သားပေါက်ကောင်ရေ ၂၁၂၀၀ တို့ကို မျိုး စိုက်ထည့်ပေးနိုင်ခဲ့ ကြောင်းသိရသည်။ ကန့်ဘလူခရိုင်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက်ကိုလည်း နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားနိုင်ရန် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း ကောင်းမွန်သည့် မွေးမြူရေး ထုတ်လုပ်မှုကျင့်စဉ် (GAqP) စနစ်နှင့်အညီ မွေးမြူ ဆောင်ရွက်နိုင်ရန် မွေးမြူရေးလုပ်ငန်းရှင် များကို သင်တန်းများဖွင့်လှစ် ပို့ချဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ငါးလုပ်ငန်းကဏ္ဍ အဖက်ဖက်မှ ဖွံ့ဖြိုးလာနိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အထောက်အကူအဖြစ် ပံ့ပိုးပေးခဲ့သော မြစိမ်းရောင်ကျေးရွာစီမံကိန်း (ငါးကဏ္ဍ) အတွက် ကျေးရွာ (၃) ရွာကို တစ်ရွာလျှင် ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် အရင်းမပျောက် မတည်ရန်ပုံငွ ေအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ကျေးရွာများမှာ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်ရှိ ငါးဘတ်အိုင်ကျေးရွာ၊ ကန့်ဘလူမြို့နယ်တွင် မလယ်ကျေးရွာနှင့် ရွာသစ်ကုန်း ကျေးရွာ တို့ဖြစ်သည်။
ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ငါးလုပ်ငန်းကဏ္ဍ အဖက်ဖက်မှဖွံ့ဖြိုး တိုးတက် ရေးအတွက် ဆောင်ရွက်ရာတွင် ငါးလုပ်ငန်းဦးစီးဌာန တစ်ခုတည်းဖြင့် ပြီးပြည့် စုံစွာ မလုပ် ဆောင်နိုင်ဘဲ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် ရေလုပ် ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ် ကြောင်းနှင့် ခရိုင်အတွင်း ငါးသယံဇာတ တိုးပွားရေး၊ငါးလုပ်ငန်းကဏ္ဍ အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း သိရ သည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)