ပုသိမ်မြို့၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်လှစ်

ပုသိမ် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပုသိမ်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ  အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်တွေအနေဖြင့် အချိန်ကိုအလဟဿမဖြစ်စေပဲ ဘဝရပ်တည်မှုအတွက် လိုအပ်သည့်သက်မွေးသင်တန်းတစ်ခုဖြစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကိုဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်တွေအနေဖြင့် ကျောင်းစာများကို တစ်နှစ်ပတ်လုံး အာရုံစိုက်လေ့လာကျက်မှတ်ခဲ့ပြီးဖြစ်ပါကြောင်းနှင့်  ကျောင်းစာတွေတင်မကပဲ တစ်ဖက်မှာလည်း ခုလိုစက်မှု/လက်မှုပညာရပ်တွေကို လေ့ကျင့်သင်ကြားထားရန်လည်း လိုအပ်ပါကြောင်း၊ သင်တန်းကိုတက်ရောက်ကြမည့် သင်တန်းသားများအနေဖြင့် သင်တန်းက သင်ကြားပို့ချပေးလိုက်သည့် စာတွေ့/လက်တွေ့သင်ခန်းစာများကို သေသေချာချာ လေ့ကျင့်မှတ်သားပြီး မိမိဘဝတိုးတက်အောင် ဆောင်ရွက်နိုင်သူများဖြစ်ကြပါစေကြောင်း” အမှာစကား ပြောကြားသည်။

ထို့နောက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက်  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။

အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းကို ယနေ့မှမတ်လ(၂၈)ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား(၂၀)ဦးအား စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)