ပေါင်းတည် မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် (၇) နာရီအချိန်က တည်ဆောက်ပြီးစီးခဲ့သော ကျီကြီးကုန်း ရွှေကျောင်းတော်၏ကျောင်းလွှတ်ပူဇာပွဲ အခမ်းအနားကို သမိုင်းဝင် ကျီကြီးကုန်းရုပ်ပွားတော် ဘုရားဝင်းအတွင်း ဆင်ယင်ကျင်းပခဲ့သည်။
ဦးစွာ တိုင်း၊ ခရိုင်နှင့် မြို့နယ်သံဃနာယက ဆရာတော်များနှင့်တကွ ကျောင်းအလှူရှင် ပေါင်းတည်မြို့နယ်၊ ဘုရားကြီးလမ်း ရှမ်းမလေးကုန်မျိုးစုံစတိုးနှင့် ရွှေမန်းလုပ်ငန်းစု မိသားစုများက ကျီကြီးကုန်းရွှေကျောင်းတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် ကြွရောက်လာကြသော ဧည့်ပရိသတ်များအား သံဃနာယကဆရာတော်မှ ငါးပါးသီလချီးမြှင့်၍ သြဝါဒမိန့်ကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်ဇနီး၊ ရွှေကျောင်းအလှူရှင် မိသားစုတို့က သံဃာတော် ၁၁၁ ပါးအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို အဓိဌာန်ပြုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။ ထို့နောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်၍ ဧည့်ပရိသတ်အပေါင်းအား နေ့လယ်စာတည်ခင်းဧည့်ခံ ကျွေးမွေးလှူဒါန်း ခဲ့ကြကြောင်း သိရသည်။
ရွှေသား (IPRD)