သနပ်ခါးလိမ်းခြယ်သုံးစွဲခြင်း ယဉ်ကျေးမှုဓလေ့များကို စကုမြို့ ဆုတောင်းပြည့်ရုပ်စုံဘုရား နံရံဆေးပန်းချီများတွင် တွေ့ရှိနိုင်

မင်းဘူး မတ် ၁၀

မင်းဘူးခရိုင်၊ စကုမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဘုရားတစ်ဆူဖြစ်သော ဘုရားအမှတ်(၅၄) ဆုတောင်းပြည့်ရုပ်စုံဘုရားနံရံပေါ်တွင် နန်းတွင်းသူမိန်းမပျိုလေးများ၏ သနပ်ခါးသွေးနေသည့်ဟန်၊ သနပ်ခါးလိမ်းခြယ်ပေးနေသည့် ပန်းချီလက်ရာများ ထင်ရှားစွာရှိနေကြောင်း စကုမြို့ သမိုင်းသုတေသီ ဦးဇော်မျိုးဦးထံမှ သိရသည်။

စကုမြို့တွင် စေတီပုထိုးပေါင်း ၁၄၄ ဆူရှိပြီး၊ ရှေးဟောင်းစေတီ ၁၁ ဆူ၏ နံရံဆေးပန်းချီများမှာ အေဒီ ၁၁ ရာစုမှ ၁၉ ရာစုအတွင်း လက်ရာများဖြစ်ကြသည်။ စကုမြို့ ဆုတောင်းပြည့်ရုပ်စုံဘုရား၏ နံရံဆေးပန်းချီများမှာ နံရံ၏အပေါ်ဆုံးတန်းမှာ နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားရှင်ပုံများနှင့် ဒုတိယတန်းတွင် သုမေဓာရှင်ရသေ့ ဒီပင်္ကရာမြတ်စွာဘုရားထံ ဗျာဒိတ်ယူနေသောပုံများ၊ သိဒ္ဓတ္ထမင်းသား တောထွက်ခန်းဆံပါယ်ခန်းနှင့် နေမိဇာတ်ရုပ်ပုံများ၊ ရှင်မာလဲဇာတ်နှင့် ငရဲခန်းပုံများတွေ့ရှိရပြီး၊ အောက်ဆုံးတန်းတွင် ဝေသန္တရာဇာတ်မှဇာလီနှင့် ကဏှာဇိန်န်တို့အား ဇူဇကာပုဏ္ဏားကရိုက်ပုတ်၍ သွေးတို့ယိုစီးကျနေသည့် ဒဏ်ရာများအား နန်းတွင်းသူ မိန်းမပျိုလေးများက သနပ်ခါးသွေး၍ ဆေးအဖြစ် လိမ်းခြယ်ပေးနေသည့်ပုံများကို ကြည့်ရှုလေ့လာနိုင်သည်။

ထိုကဲ့သို့ စေတီပုထိုးများရှိ နံရံဆေးပန်းချီများမှ သနပ်ခါးလိမ်းခြယ်သုံးစွဲခြင်း ယဉ်ကျေးမှုဓလေ့ပုံများကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုနယ်မြေရှိ နဂါးရုံဘုရား၊ မြင်းကပါဂူပြောက်ကြီးဘုရား၊ အပယ်ရတနာဘုရား၊ စူဠာမဏိစေတီတော်မြတ်ကြီးတို့၏ နံရံဆေးပန်းချီများနှင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့ သုံးထပ်ရုပ်စုံကျောင်းဝင်းအတွင်းရှိ ဆုတောင်းပြည့်ရုပ်စုံကျောင်းမှ နံရံဆေးပန်းချီများဟာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဖော်ညွှန်းပြသနေခြင်းပင် ဖြစ်ပါတော့သည်။

ဇေယျာနိုင်(ရွှေကန်မြေ)