မင်းဘူး(စကု)မြို့နယ်၌ ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းဧရိယာအတွင်း နွေစပါးဧက ၁၇၀ လျာထားစိုက်ပျိုး

မင်းဘူး မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းဧရိယာအတွင်း နွေစပါးကိုဧကပေါင်း ၁၇၀ အထိ လျာထားစိုက်ပျိုးလျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းဧရိယာရှိ ကွင်းအမှတ် ၁၄၁၃၊ ၁၄၂၆ နှင့် ၁၄၂၇ တို့တွင် နွေစပါးကို ဧကပေါင်း ၁၇၀ အထိ စိုက်ပျိုးသွားမည်ဖြစ်ရာ အဆိုပါစိုက်ကွင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးသီးနှံဧက ၁၀၀ ပါဝင်ကြောင်း၊ နွေစပါးနှင့် အခြားသီးနှံများစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေများကို ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်ပြီး ရေပေးဝေလျက်ရှိကြောင်း သိရသည်။

ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှာရှိတဲ့ လက်တံမြောင်း (၃၊ ၄ နဲ့ ၅)မှာ ဒေသခံတောင်သူပေါင်း ၉၅ ဦးနဲ့ နွေစပါးကို ဧက ၁၇၀ အထိ လျာထားစိုက်ပျိုးနေပါတယ်။ အဲဒီအထဲမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ထိန်တောကျေးရွာမှာ ၈၁ ဧက၊ ဇီးဖြူကုန်းကျေးရွာမှာ ၁၉ ဧက စုစုပေါင်း နွေစပါးဧက ၁၀၀ ကို တောင်သူပေါင်း ၆၀ ဦးက ဆာဖိုးသာ၊ အောင်နိုင်တိုး စပါးမျိုးတွေအသုံးပြုပြီး မျိုးပြန့်ပွားစနစ်နဲ့ စိုက်ပျိုးဆောင်ရွက်ထားပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ စိုက်ပျိုးတဲ့ နွေစပါးစိုက် တောင်သူ ၆၀ ဦးကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နွေစပါးတစ်ဧကကို တန်ဖိုးငွေကျပ် နှစ်သိန်းနှုန်းနဲ့ညီမျှတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ ဖြန့်ဖြူးပေးထားပြီး ကမ်းနီကွင်းမှာတော့ ယနေ့အထိ နွေစပါးဧကပေါင်း ၁၃၆ ဧကအထိ စိုက်ပျိုးပြီးဖြစ်ပါတယ်”ဟု မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ မြို့နယ်တာဝန်ခံ ဦးစိုးညွန့်လင်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီတွင် ကမ်းနီဆိုလာလျှပ်စစ် မြစ်ရေတင်လုပ်ငန်းဧရိယာအတွင်း နွေစပါးဧက ၁၇၀ အပြင် အခြားသီးနှံများအဖြစ် နွေနှမ်း ၂၉၆ ဧက၊ နွေပဲတီစိမ်း ၁၄၄ ဧကနှင့် ကျွဲ၊ နွား တိရစ္ဆာန်အစာ ဧက ၄၀ စုစုပေါင်း ၆၅၀ ဧကအထိ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်နေပြီး အဆိုပါသီးနှံစိုက်တောင်သူများအတွက် စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)