မအူပင် မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မတ်လ (၅)ရက်နေ့က မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများအား ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကွင်းဆင်းကြည့်ရှုသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် အမှတ်(၁)ရပ်ကွက်ရှိ POLYTECHNIC UNIVERSITY (MAUBIN) FACULTY OF COMPUTING ကျောင်းအတွင်း ပျက်စီးဆုံးရှုံးမှုများအား လှည့်လည်ကြည့်ရှုပြီး ကျောင်း၌အဆောင်နေသည့် ကျောင်းသား ကျောင်းသူများအား အားပေးစကားပြောကြားကာ ခေါက်ဆွဲခြောက်ထုတ်များနှင့် အလှူငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁) ရပ်ကွက်ရှိ ခရိုင်တရားရုံး၏ ဘုရားခန်း၊ တရားသူကြီးနားနေခန်းများ၊ တရားခွင်များ၊ စီမံခန်း၊ သက်သေနားနေဆောင်နှင့် ဘီလစ်ခန်း စသည့်နေရာများတွင် အင်္ဂတေနံရံများ ကွာကျပျက်စီးခြင်း၊ အုတ်နံရံများကွဲအက်ခြင်းများအား ကြည့်ရှု စစ်ဆေးခြင်း၊ အမှတ်(၁) ရပ်ကွက်ရှိ စိမ်းမြကန်သာဘုရား ပင်မစေတီတော်နှင့် သာသနိက အဆောက်အဦးများတွင် အက်ကြောင်းများဖြစ်ပေါ်ခြင်း၊ အုတ်နံရံများပြိုကျခြင်းနှင့် မှန်တံခါးကွဲကြေ ပျက်စီးခြင်းများအားကြည့်ရှုခြင်း၊ အမှတ်(၁)ရပ်ကွက်ရှိ ခရိုင်မြေစာရင်းရုံးနံရံနှင့် မျက်နှာကြက်များ ပျက်စီးဆုံးရှုံးမှုများအား ကြည့်ရှုခြင်း၊ အမှတ်(၃)ရပ်ကွက်ရှိ အကျဉ်း ဦးစီးဌာနအုတ်ရိုးနံရံများ ကွဲအက်မှုနှင့်ပြိုကျပျက်စီးမှုများအား ကြည့်ရှုခြင်းများဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ လိုအပ်သည်များအားလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)