ချောက်မြို့နယ်လုံးဆိုင်ရာ သာသနာ့ဝေပုလ္လဆွမ်းလောင်းအသင်း အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ချောက် မတ် ၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဝေပုလ္လအာရုဏ်ဆွမ်းလောင်းအသင်းကြီး (၃၇)နှစ်မြောက်အထိမ်းအမှတ် ဝေပုလ္လဆွမ်းလောင်းအသင်းအလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မဟာအေးစေတီဘုရားရင်ပြင် သန္တိသုခဓမ္မဗိမာန်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားအား နမောတသ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ချောက်မြို့နယ်လုံးဆိုင်ရာသာသနာ့ဝေပုလ္လအာရုဏ်ဆွမ်း လောင်းအသင်းကြီး၏ ဩဝါဒစရိယဆရာတော်ဘဒ္ဒန္တတိက္ခသာရမှ အဖွင့်ဩဝါဒကထာမိန့်ကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်မှ သာသနာရေးကိစ္စရပ်များနှင့် သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်ချက်များ၊ သာသနာ့ဝေပုလ္လဆွမ်းလောင်းအသင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရခြင်းအကြောင်းတို့အား ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ဆရာတော်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တတိက္ခသာရနှင့် ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များက‌ ချောက်မြို့နယ်လုံးဆိုင်ရာ သာသနာ့ဝေပုလ္လအာရုဏ်ဆွမ်းလောင်းအသင်း အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး တက်ရောက်လာသည့် ဆရာတော်သံဃာများ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)