ပဲခူး မတ် ၉
ရိုးရာအားကစားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော သနပ်ခါးအလှ မြန်မာကအစ- ခြင်းလုံးအစ သရေခေတ္တရာက ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၈ ရက်နေ့ညနေပိုင်းက ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဥ်ရပ်နားဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က သနပ်ခါးအလှ မြန်မာကအ -ခြင်းလုံးအစ သရေခေတ္တရာက ပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ယနေ့ကျင်းပပြုလုပ်တဲ့ "သနပ်ခါးအလှ မြန်မာကအစ ခြင်းလုံးအစ သရေခေတ္တရာက” ပွဲတော်ရည်ရွယ်ချက်များကတော့ မြန်မာ့ရိုးရာ သနပ်ခါးယဉ်ကျေးမှုဓလေ့" ကို UNESCO ၏ Representative list of the Intangible Cultural heritage of Humanity (လူသားမျိုးနွယ် ကိုယ်စား ပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်) အဖြစ် စာရင်းသွင်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုအတွက် အထောက်အကူဖြစ်စေရေး၊ “ရိုးရာခြင်းလုံး အလှခတ်ခြင်းယဉ်ကျေးမှုဓလေ့” ကို UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity (လူသားမျိုးနွယ် ကိုယ်စား ပြုပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်) အဖြစ် စာရင်း သွင်းတင်ပြသည့်အခါ အထောက်အကူဖြစ်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယခုလို နိုင်ငံတော်၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အသိအမှတ်ပြု ရိုးရာယဉ်ကျေးမှုအမွေအနှစ်များအဖြစ် အသိအမှတ်ပြုမှုရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြရာမှာ မိမိတို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးတိုင်းအတွင်းရှိ ပြည်သူများအနေဖြင့် တတပ်တအား ပါဝင်ယှဉ်နွှဲခွင့် ရရှိတဲ့အတွက်လည်း အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများက သနပ်ခါးပြခန်းများ၊ ပျော်ရွှင်စွာ သနပ်ခါးလိမ်းချယ်နေကြသော ဒေသခံပြည်သူများနှင့် ခြင်းအလှခတ် တင်ဆက်ဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် သနပ်ခါးအလှလိမ်းချယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအဖွဲ့၊ တိုင်းဒေသကြီးရဲအဖွဲ့နှင့် တိုင်းစိုက်ပျိုးရေးအဖွဲ့တို့၏ သနပ်ခါးအလှလိမ်းချယ် ယှဉ်ပြိုင်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများမှ တခဲနက်ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ငံကျော်အနုပညာရှင်များမှလည်း တေးသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)