သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြား

ဟိုင်းကြီးကျွန်း မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ဘုရားဖူးလာရောက်ကြသူများဖြင့် များပြားပြည့်လျှံလျက်ရှိကြောင်း သိရသည်။

ဘုရားဖူးလာရောက်ကြသူများသည် ကုန်းလမ်းရေလမ်းမှ သင်္ဘောများ၊ကားများဖြင့် လာရောက်ကြပြီး ဘုရားကုန်းတော်အနီးရှိ တည်းခိုရိပ်သာများနှင့် ကုန်းတော်အောက်ရှိ အနှုတ်(၁၂) Levelအတွင်း အနားယူအပန်းဖြေကြပြီး မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ ဥုပုသ်သတင်း သီလဆောက်တည်ခြင်း၊ အဓိဓ္ဓာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ ပရိတ်/ပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ နဂါးစာကျွေးခြင်းတို့ကို ပြုလုပ်ကြသည့်အပြင် ပင်လယ်ကမ်းခြေ၏ သဘာဝအလှများကို ကြည့်ရှုခံစားပြီး ငွေတောင်ရေချိုးဆိပ်တွင် ရေချိုးအပန်းဖြေခြင်း၊ ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်းဝင်နေရာများနှင့် ဘုရားစေတီပုထိုးများအားသွားရောက်ဖူးမြော်ခြင်း၊ ကျောက်ကလပ်သို့သွားရောက်၍ အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသူများဖြင့် စည်ကားပြီး၊ အစိုးရရုံးပိတ်ရက်များတွင် တည်းခိုဆောင်ပြည့်သည်အထိ နေ့ချင်းပြန် လာရောက်လည်ပတ်ကြသလို ညအိပ်တည်းခိုသူများလည်းရှိကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)