ဟင်္သာတမြို့ မိသားစုဟိုတယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်

ဟင်္သာတ မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်  မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီကရုံးကြီးရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ မိသားစုဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ဟင်္သာတ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဥက္ကာက မီးလောင်ခြင်းအကြောင်းအရင်းများနှင့်အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးပစ္စည်းများအား စနစ်တကျ ကိုင်တွယ်ငြှိမ်းသတ်နိုင်ရေးနည်းလမ်းများအား ပါဝါပွိင့်များနှင့်တကွလက်တွေ့ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မိသားစုဟိုတယ် မန်နေဂျာဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများမှ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် တပ်ဆင်ထားသောမီးဘေး​​ကြိုတင်​ကာကွယ်ရေးပစ္စည်းများ၊  မီးသတ်ဆေးဘူးများ အသင့်တပ်ဆင်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသခဲ့ရာ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများမှ ဆီမီးလောင်စာငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နည်းများကို ဟိုတယ်ဝန်ထမ်းများနှင့်အတူ လက်တွေ့ သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)