တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကိုကြည့်ရှုအားပေး

ထားဝယ် မတ် ၉

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ကသိရှိစေရန် UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် သနပ်ခါးနှင့်ပတ်သက်၍ အများပြည်သူ၏ သဘောထားစစ်တမ်းကောက်ခံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဆောင်ရွက်ခဲ့သည်။

ထို့သို့မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားဆောင်ရွက်သည့်နေရာတွင် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ကလေးမိခင်များနှင့်ထားဝယ် မူလတန်းကြိုကျောင်းချစ်စရာ့အရွယ် သားငယ် သမီးငယ်များက  သနပ်ခါးလိမ်းခြယ်ခြင်းအား တစ်ပျော်တစ်ပါးပါဝင်ဆင်နွှဲလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုအားပေးသည်။

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို  ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် UNESCO မှ အသိအမှတ်ပြုရေးကို ၂၀၂၀ ပြည့်နှစ်ကဆောင်ရွက်ခဲ့ပြီးယခုနှစ်တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာ့သနပ်ခါးကို အများပြည်သူ သိရှိပြီးပူးပေါင်းပါဝင်ဆင်နွဲလာစေရန်အတွက် မြန်မာ့သနပ်ခါးအထိမ်းအမှတ်အဖြစ် သနပ်ခါးလိမ်းခြယ်ခြင်းနှင့် သဘောထားစစ်တမ်းကောက်ယူခြင်း လှုပ်ရှားဆောင်ရွက်မှုများကို ကော့သောင်းခရိုင်ကလည်း ဆောင်ရွက်ပြီးဖြစ်ရာ ကျန်ခရိုင်မြို့နယ်များပါ  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)