ငပုတော မတ် ၉
ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးစီးမှူး၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှုအစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောက်ရွက်ပေးခဲ့သည်။
အဆိုပါ ဆေးကုသမှုအစီအစဉ်တွင် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ဝင်းနှင့် ကလေးအထူးကု၊ ခွဲစိတ်အထူးကု၊ သားဖွားမီးယပ်အထူးကု၊ အရိုးနှင့် ထိခိုက် ဒဏ်ရာအထူးကု၊ မျက်စိအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု၊ ဓာတ်မှန်ဆိုင်ရာ အထူးကု၊ အရေးပြားရောဂါ အထူးကု၊ စိတ်ကျန်းမာ အထူးကု ဆရာဝန်ကြီးများက ငပုတော မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့အသင်းဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးမှူး ဒေါက်တာ သန့်ဇော်မြင့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အောင်သူ (ပြန်/ဆက်)