ဂန့်ဂေါ မတ် ၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဆုတောင်းပြည့် စေတီတော်မြတ်ကြီးနှင့် ပြည်လုံးချမ်းသာစေတီတော်၊ အောင်စင်္ကြာစေတီတော်မြတ်များ ထီးတော်တင်လှူ ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဩကာသကန်တော့ချိုးဖြင့် ဘုရားရှစ်ခိုးကာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ မြို့ခင်းသာတောင်ကျောင်းဆရာတော် ဦးဇဋိလထံမှ ကိုးပါးသီလတရားကို ခံယူဆောက်တည်ကြသည်။
ထို့နောက် သာသနာ့အလံ၊ မောင်း၊ ကြေးစည်၊ ပန်းဖလား၊ ခရုသင်း၊ တံခွန် ကုက္ကား ပေါက်ပေါက်/ပန်းများကြဲကာ ပဋ္ဌာန်းဝတ်အသင်းအဖွဲ့က ရွတ်ဖတ်ပူဇော်၍ ရွှေပြည်ဆိပ်ဦးဆုတောင်းပြည့် စေတီမြတ်ကြီး၏ ထီးတော်များအလှူရှင် ဘုရားဒါယကာကြီး သီရိပျံချီဦးအောင်စန်း၏ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်ဇနီး၊ အမြှောက်တပ် (၃၇၁)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင်ဇော်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးကျော်ဆွေဦး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနန္ဒနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထီးတော်များကိုလည်းကောင်း၊ စိန်ဖူးတော်ကို အလှူ့ဒါယကာ ဦးကျော်မြင့်နှင့်ဇနီးတို့ကလည်းကောင်း၊ ပြည်လုံးချမ်းသာ စေတီတော်မြတ်၏ ထီးတော်နှင့် စိန်ဖူးတော်ကို ဘုရားဒါယိကာမကြီး ဒေါ်ခင်ခင်မိသားစုနှင့် ဒေါ်ကြည်အေး မိသားစုက လည်းကောင်း၊ အောင်စင်္ကြာစေတီ တော်မြတ်၏ထီးတော်နှင့်စိန်ဖူးတော်ကို အလှူ့ဒါယိကာမ ဒေါ်စန်းလွင်နှင့်မိသားစုတို့ကလည်းကောင်း အသီးသီးပင့်ဆောင်ကာ ရွှေပြည်ဆိပ်ဦး စေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ယင်းနောက် သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဆုတောင်းပြည့် စေတီတော်မြတ်ကြီးနှင့် ပြည်လုံးချမ်းသာ စေတီတော်၊ အောင်စင်္ကြာစေတီတော်မြတ်များ၏ ရွှေထီးတော်ဘုံအဆင့်များ၊ ငှက်မြတ်နားတော်နှင့် စိန်ဖူး တော်တို့ကို အမွှေးနံသာများဖြန်းပက်ပူဇော်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသော အောင်မင်္ဂလာ ဂါထာတော်များကို သံဃာတော်အရှင်မြတ်များမှ ရွတ်ဆိုပူဇော်ကာ ရထားပျံဖြင့် အစဉ်အတိုင်း တင်လှူ ပူဇော်ကြပြီးထီးတော်များတင်လှူပူဇော်ခြင်းအောင်ပွဲအဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူ့ဒါယကာ၊ ဒါယိကာမများ၊ ရဟန်းရှင်လူ ပြည်သူများ စည်ကား သိုက်မြိုက်စွာ တက်ရောက်ပူဇော်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)