မုံရွာ မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးကော်မတီ၏ ၂၀၂၅ ခုနှစ်၊ မတ်လ(၈)ရက် “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့”အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက နိုင်ငံတကာအနေနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်အမှတ်(၅)မှာ ဖော်ပြပါဝင်တဲ့ ကျား၊ မ တန်းတူညီမျှမှုနှင့် အမျိုးသမီးငယ်များအားလုံး စွမ်းပကား မြင့်မားရေး ပန်းတိုင်ဟာ အမျိုးသမီးများရဲ့ ပါဝင်မှု ရာခိုင်နှုန်း မြှင့်တင်ရေးအတွက် တိကျခိုင်မာတဲ့ ရည်ရွယ်ချက် တစ်ခုဖြစ်သောကြောင့် မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ခေတ်သစ်ဒီမိုကရေစီ နိုင်ငံတော်အသွင်ကူးပြောင်းကာလအတွင်းမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို တစ်ဆင့်ထက်တစ်ဆင့် မြင့်မားတိုးတက်စေဖို့ တန်းတူအခွင့်အရေး ရရှိစေဖို့အတွက် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ကြဖို့ တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှပေးပို့သည့် သဝဏ်လွှာ Video Clip နှင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များအား Video Clip ဖြင့်ပြသမှုနှင့် အမျိုးသမီးငယ်လေးများ၏ ဗိုလ်ရှုသဘင် သီချင်း၊ ရွှေဘိုသနပ်ခါး၊ လောကအားမာန်သီချင်းတို့ဖြင့် ကပြဖျော်ဖြေမှုတို့အားတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ကပြဖျော်ဖြေသည့်အမျိုးသမီးငယ်လေးများအား ဆုချီးမြှင့်ပွဲကျင်းပရာ ဗိုလ်ရှုသဘင်သီချင်းဖြင့် ကပြဖျော်ဖြေပေးပါသော မဆုရတီမောင်အား စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးကလည်းကောင်း၊ ရွှေဘိုသနပ်ခါးသီချင်းဖြင့် ကပြဖျော်ဖြေပေးပါသော သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသူလေးများအား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းကလည်းကောင်း၊ လောကအားမာန်သီချင်းဖြင့် ကပြဖျော်ဖြေပေးပါသော သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသူလေးများအား တိုင်းဒေသကြီးဥပဒေချုပ်ဒေါ်လှလှဝင်းတို့က အသီးသီးဂုဏ်ပြုဆုများပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)