မော်လမြိုင်ကျွန်း မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ နိုင်ငံတော်အစိုးရ၊ အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်ကြသည့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အတူပူးပေါင်း၍ နိုင်ငံတော်အဆင့်အခမ်းအနား နှစ်စဥ်နှစ်တိုင်းကျင်းပခဲ့ပြီး ယနေ့နံနက်(၉)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်ရေးအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဦးဆောင်မှုဖြင့် အမျိုးသမီး အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအတွက် အသိပညာပေးမှုများ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပြီး ကျား/ မ ရေးရာတန်းတူညီမျှမှုနှင့် ကျေးလက်မြို့ပြကွာဟချက်နည်းပြီး ညီတူညီမျှဖွံ့ဖြိုးတိုးတက်ကာ အမျိုးသမီးများစွမ်းဆောင်ရည်မြင့် မားလာနိုင်ရေးနှင့် ကဏ္ဍစုံတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ လုပ်ငန်းစဥ်များကို ချမှတ်အကောင်အထည် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ လုပ်ငန်းများ၏ အရေးကြီးမှုကို ပိုမိုထင်ဟပ်ပေါ်လွင်စေခြင်း၊ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်နိုင်ခြင်းနှင့် စောင့်ရှောက်မှုများပေးနိုင်ခြင်း၊ ကုလသမဂ္ဂမှ ချမှတ်ပေးထားသော စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဌာန်းချက်များ၊ လုပ်ငန်းအစီအစဥ်များကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ အကောင်းအထည်ဖော်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်းအတွက် ချီးမြှင့်ငွေရရှိသူ(၁)ဦးအား ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် အမျိုးသမီးများအိမ်တွင်းလက်မှုပညာဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများအားလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)