ပဲခူး မတ် ၈
၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ သီရိဟံသာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က မြန်မာအမျိုးသမီးများအပါအဝင် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့အနေဖြင့် မတ်လ (၈)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် အထိမ်းအမှတ်အခမ်းအနားများ၊ လှုပ်ရှားမှုများလုပ်သလို မြန်မာနိုင်ငံမှာလည်း မြန်မာအမျိုးသမီးများရဲ့ အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေဖို့ ယခုကဲ့သို့အခမ်းအနားကို နှစ်စဉ်ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးများရဲ့အခန်းကဏ္ဍ မြင့်မားတိုးတက်စေရန်၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ တန်းတူညီမျှစွာ ရရှိနိုင်စေရန်အတွက် ၁၉၉၅ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့၌ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများညီလာခံမှ အတည်ပြုချမှတ်ခဲ့တဲ့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍ (၁၂)ရပ်ပါဝင်တဲ့ ဘေဂျင်းကြေငြာစာတမ်းနဲ့ ဘေဂျင်းလုပ်ငန်းစီမံချက်၊ ၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂက အတည်ပြုပြဌာန်းခဲ့တဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များစတဲ့ နိုင်ငံတကာအဆင့် ကတိကဝတ်ပြုထားမှုတွေကို ကိုယ့်နိုင်ငံရဲ့အခြေအနေနဲ့ ကိုက်ညီတဲ့ ဥပဒေ၊ မူဝါဒ၊ မဟာဗျူဟာစီမံကိန်းများကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်တဲ့ “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင်တင်စို့” ဆိုတဲ့အတိုင်း အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှတဲ့အခွင့်အရေးများ ရရှိခံစားနိုင်ရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးမှသာလျှင် ရရှိနိုင်မှာဖြစ်တဲ့အတွက် လူတိုင်းတိုက်တွန်းမှာကြားလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းအမျိုးသမီးများက “ယောသူတို့ရွာ” သီချင်းဖြင့်လည်းကောင်း၊ ရင်ခွင်မဲ့ကလေးငယ်များ ပြုစုရာရိပ်မြုံမှ သမီးငယ်များက “မမပုသိမ်သူ” သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သန္တာထွေးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး သီဆိုဖျော်ဖြေပေးခဲ့သူများအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)