ဖြူး မတ် ၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ခေတ်မီ DEMU လူစီးရထားတွဲဆိုင်းသစ် အဲယားကွန်းလေအေး အမြန်ရထားများ ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းအပိုင်းကို ပြေးဆွဲနေလျက်ရှိရာ ဖြူးဘူတာသို့အမှတ် (၇) အဆန်ရထားသည် နံနက် (၉)နာရီ၊ အမှတ် (၈) အစုန်ရထားသည်မွန်းလွဲ (၂)နာရီခွဲရပ်တန့်၍ ဖြတ်ကျော်ပြေးဆွဲကြောင်း သိရသည်။
ဖြူးဘူတာရုံပိုင်ကြီး ဦးကျော်ကျော်ဦးက ခေတ်မီ DEMU လူစီးရထားတွဲဆိုင်းသစ် အဲယားကွန်းလေအေး အမြန်ရထားအမှတ် (၇) အဆန်ရထားက ရန်ကုန်က နံနက် (၆)နာရီ စတင်ထွက်ခွာလာပြီး နေပြည်တော်ကို ရောက်တော့ မန္တလေးကို (၂၇)အဆန်လေအိတ်ရထားနဲ့ ဆက်လက်ထွက်ခွာပါတယ်၊ မန္တလေးက နံနက် (၆)နာရီ (၂၈) အစုန်လေအိတ်ရထား စတင်ထွက်ခွာလာရာကနေ နေပြည်တော်ရောက်တော့ DEMU လူစီးရထားတွဲဆိုင်းသစ် အဲယားကွန်းလေအေး အမြန်ရထား အမှတ် (၈) အစုန်ရထားနဲ့ ဆက်လက်ထွက်ခွာပါတယ် ဒီရထားတွဲဆိုင်းသစ်တွေကို (၂၈-၂-၂၀၂၅) ရက်နေ့မှစတင်ကာ ရန်ကုန်-ပဲခူး-ဖြူး-တောင်ငူ-နေပြည်တော်-မန္တလေး ဘူတာစဥ်များအဖြစ် ရပ်တန့်ပါတယ် ယခင်က ရန်ကုန်ကနေဖြူးကို (၅)နာရီလောက်ကြာပြီး ယခု DEMU ရထားတွေက (၃)နာရီလောက်ပဲ စီးနင်းလိုက်ပါနိုင်ပါတယ် ဖြူးဘူတာသစ်ကြီးကိုလည်း (၃၀-၈-၂၀၂၄)ရက်နေ့မှာ စတင်ပြောင်းရွှေ့ပါတယ် ဟုပြောသည်။
ခရီးသွားပြည်သူများ စိတ်ချမ်းသာစွာ ရထားစီးနင်းသွားလာနိုင်ရေး ခေတ်မီလူစီးရထားတွဲများ၊ ရထားလမ်းများ၊ ဘူတာရုံများ အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့မီးရထားတာဝန်ရှိသူများထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)