ပွင့်ဖြူမြို့နယ်တွင် ဆောင်းရာသီကစိုက်ပျိုးသည့် ကျွဲနွားတိရစ္ဆာန်အစာ (၉၆၉၀)ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ မတ် ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဆောင်းရာသီက စိုက်ပျိုးခဲ့သည့် ကျွဲနွားတိရစ္ဆာန်အစာပင် (၉၆၉၀)ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက ကျွဲနွားတိရစ္ဆာန်အစာပင် (၇၉၀၈)ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ (၉၆၉၀)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါကျွဲနွားတိရစ္ဆာန်အစာပင် စိုက်ခင်းများကို ဒေသခံတောင်သူများက ဇန်နဝါရီလမှစတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ပွင့်ဖြူမြို့နယ်မှာ ဆောင်းသီးနှံရာသီက ကျွဲနွားတိရစ္ဆာန်အစာပင် (၉၆၉၀)ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။  အဓိကစိုက်ပျိုးတဲ့ ကျွဲနွားတိရစ္ဆာန်အစာတွေကတော့ နှံစားပြောင်း၊ နေဗီယာမြက်နဲ့ ပဲသီးနှံများကို အများဆုံးစိုက်ပျိုးကြပါတယ်။ အဲဒီကျွဲနွားတိရစ္ဆာန်အစာပင် စိုက်ခင်းတွေကို ဒေသခံတောင်သူတွေက ယခုနှစ် ဇန်နဝါရီလကစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ လက်ရှိမှာ ရာနှုန်းပြည့် ရိတ်သိမ်းဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။ ကျွဲနွားတိရစ္ဆာန်အစာပင် ရိတ်သိမ်းတာနဲ့ပတ်သက်ပြီး လေလွင့်ဆုံးရှုံးမှုတွေ မဖြစ်စေဖို့ အချိန်မီရိတ်သိမ်းနိုင်အောင် လိုအပ်တဲ့ရိတ်သိမ်းနည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံရာသီတွင် ဒေသခံတောင်သူများက မိမိတို့မွေးမြူထားသော ကျွဲနွားတိစ္ဆာန်တွေ အစာရှားပါးမှုမဖြစ်စေဖို့နဲ့ ကျွဲနွားတိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်ဖို့အတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို စနစ်တကျအသုံးချပြီး နှံစားပြောင်း၊ ပဲမျိုးစုံသီးနှံ၊ နေဗီယာနှင့် ဖူးစားပြောင်းတို့ကို အဓိကစိုက်ပျိုးကြကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျွဲနွားတိရစ္ဆာန်အစာ စိုက်ခင်းများ အထွက်နှုန်းကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး ပံ့ပိုးကူညီပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ သွင်းအားစုများ စနစ်တကျ သုံးစွဲနည်းပညာများ လက်တွေ့သရုပ်ပြသခြင်း၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းပညာပေးခြင်း စသည့်စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)