ရေနံချောင်း မတ် ၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာအုပ်စု ချောင်းဝကျေးရွာ၌ မတ် ၆ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ် အချိန်ခန့်က ဦးနိုင်လင်းထွေး (ဘ) ဦးမြအောင်၏ သုံးပင် ထန်းရွက်မိုး၊ ထရံကာနေအိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးရှိနေအိမ်ငါးလုံးအား မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ်နှစ်စီး၊ ရေနံမီးသတ်ရေသယ်ယာဉ်တစ်စီး၊ အဖြူရောင်တွဲလက်ညီကိုများ ပရဟိတ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်း ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ်ခြောက်လုံးနှင့် ဝက်ငယ်နှစ်ကောင်မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းနှင့် မီးဘေးသင့် ပြည်သူများအား ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယာယီပြောင်းရွေ့ထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မီးအားမဆင်မခြင် ပေါ့ဆစွာ သုံးခဲ့မှုကြောင့် ချောင်းဝကျေးရွာနေ ဦးနိုင်လင်းထွေးအား (ပ)၉/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)