ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နတ်တလင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု

နတ်တလင်း မတ် ၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်၊  သရက်တပင်အုပ်စု၊ စည်ပင်သာရွာထိပ်သို့ ရောက်ရှိပြီး နတ်တလင်း-တာပွန်-မိုးညိုသွားကျောက်ချောလမ်း ခင်းကျင်းပြီးစီးမှုအား ကြည့်ရှု စစ်ဆေးခြင်း၊ တာပွန်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ မြို့ဝင်ဆိုင်းဘုတ်အနီး ကျောက်ချောလမ်း ခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ တာပွန်မြို့၊ ချောင်းသုံးခွအုပ်စု၊ ကထန်ကျေးရွာအနီး ငွေပြည်တောင်စေတီရှေ့ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးနှင့်အဖွဲ့သည် မြို့မရပ်ကွက်၊ မင်းလမ်းရှိ ဝန်ထမ်းစုပေါင်းအိမ်ယာသို့ ရောက်ရှိလာရာ Myanmar Land&Development  Limited မှ တာဝန်ခံမန်နေဂျာမှ နတ်တလင်းမြို့ (၄)ခန်းတွဲ (၅)ထပ် သံကူကွန်ကရစ်ဝန်ထမ်း အိမ်ယာတိုက်အမှတ်(၂) တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြရာ ဝန်ကြီးမှ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် သာဇီရပ်ကွက်၊ မြို့ဦးဘုန်းကြီးကျောင်းအနီး နတ်တလင်း-ဒမငယ် လမ်းခင်းကျင်းပြီးစီးမှုအား ကြည့်ရှုခြင်း၊ သဲချောင်းကျေးရွာထိပ်လမ်းဆုံအနီး ကျောက်ချောလမ်းခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး လမ်းဦးစီးဌာနရုံးသို့ ရောက်ရှိကာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)