သာယာဝတီ မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိကျင်းပမည့် အခြေခံပညာအဆင့်တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား/သူ (၉၀၀)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံအဝန်းစာစစ်ဌာနအသီးသီးတွင် တစ်ပြိုင်တည်းကျင်းပတော့မည်ဖြစ်ရာ သာယာဝတီမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က(သုံးဆယ်)ကျောင်းတို့တွင် စာစစ်ဌာနနှစ်ခု ဖွင့်လှစ်ထားရှိပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသူ/သား(၃၆၄)ဦး၊ အ.ထ.က(သုံးဆယ်)ကျောင်းတွင်(၅၃၆)ဦး စုစုပေါင်းကျောင်းသား/သူ(၉၀၀)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။
ကျောင်းသား/သူများ စိတ်အေးချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် သက်ဆိုင်ရာခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့ဝင်များက မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးကိစ္စရပ်များကို အထူးအလေးပေးကာ စနစ်တကျစီမံဆောင်ရွက်ထားကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)