ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ရွှေသားမျက်နှာကြက်တော်ကြီး ရေစက်ချအခမ်းအနား၊ ပေါ်ဆန်းဖိုရမ် ၂၀၂၅ စကားဝိုင်းဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ရွှေသားမျက်နှာကြက်တော်ကြီး ရေစက်ချအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီးတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးသည် ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုရားကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန်  မြတ်စွာဘုရားကြီးအားရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန်  မြတ်စွာဘုရားကြီး ဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် ဂေါပက အဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးအတွင်း ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ရွှေသားမျက်နှာကြက်တော်ကြီး ရေစက်ချအခမ်းအနားအခမ်းအနားအား ဆက်လက်ကျင်းပရာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍  ဖွင့်လှစ်ခဲ့ပြီး မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဩဝါဒါစရိယ၊ သဖန်းကုန်းဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက  ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရဇ္ဈယ်ချီးမြှင့်တော်မူသော ပရိတ် တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြပြီး မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဩဝါဒါစရိယ၊ သဖန်းကုန်းဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍  ရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက် ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လ (၇)ရက်နေ့မှ မတ်လ (၁၄)ရက်နေ့အထိ (တပေါင်းလဆန်း ၉ ရက်နေ့မှ တပေါင်းလပြည့်ကျော် ၁ ရက်နေ့အထိ) ၈ ရက်ကြာ ကျင်းပပြုလုပ်သွားဖြစ်ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဇလွန်မြို့ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် Bored Pile အခြေပြုကျောက်စီတမံအလျား ၂၂၀ ပေ ဆောင်ရွက် နေမှု အခြေအနေအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှည်တည်တံ့စေရေး အတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းေစရေးဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဇလွန်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က " တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်  တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့်တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပုသိမ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံ၍  ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများအား အပြန်အလှန်ဆွေးနွေးခြင်းများကို ပြုလုပ် ခဲ့ပြီး ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်၍ သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ စာသင်နှစ်အစကတည်းကပင် တစိုက်မတ်မတ် ကျက်မှန်လေ့ကျင့်ခဲ့ပါက မုချအောင်မြင်မှာ ဖြစ်ပါကြောင်း၊  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ယခင်နှစ်များထက် ပိုမိုအားထည့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးလေ့လာနိုင်ရန်အတွက် အခြေခံပညာကို ဖြတ်ကျော်ရမှာဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုရန် နီးကပ်လာပြီဖြစ်သဖြင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြရန်နှင့် အောင်စိတ်မွေး၍ မိမိယုံကြည်ချက်ပန်းတိုင်ရောက်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း" အားပေးစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာ များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇလွန်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade-9)နှစ်ဆုံးစာမေးပွဲ သမိုင်းဘာသာရပ်အား ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့၊ အခြေခံပညာမူလတန်းကျောင်း (တစ်တောင့်ကွေး) စိန်ရတနာခန်းမတွင် စဉ်ဆက်ပညာရေးလုပ်ငန်းအဖြစ်ကျေးလက်နေ တိုင်းရင်းသား ပြည်သူများအား စာပေသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်မှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားပြည်သူများ၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများအားဆောင်ရွက်ခဲ့ပြီး စဉ်ဆက်ပညာရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာသင်သားများအနေဖြင့် စဉ်ဆက်မပြတ် သင်ယူလေ့လာ နေကြရန်လည်း လိုအပ်ပါကြောင်း" တိုက်တွန်းမှာကြားခဲ့ပြီး  စာသင်သားများ၏ သင်ကြားမှုများအပေါ် နားလည်သဘောပေါက်မှုများအား ဆွေးနွေးပြောကြားခဲ့ကာ စာသင်သားများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ စကားဝိုင်းဆွေးနွေးပွဲနှင့် ပေါ်ဆန်းပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များ၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ တောင်သူကြီးများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများနှင့်တောင်သူများက video conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပေါ်ဆန်းဖိုရမ်-၂၀၂၅ ဒုတိယနေ့ နေ့လယ်ပိုင်းအစီအစဉ်အရ ”ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းရမည်” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး စိုက်ပျိုးရေးပညာရှင် ဦးမြင့်သိန်း၊ ဆန်စက်လုပ်ငန်းရှင် ဦးအောင်ကြည်စိုး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ပေါ်ဆန်းစပါး စိုက်တောင်သူ ဦးတင်အောင်သန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်း၊ ဧရာပုသိမ်မျိုးစေ့ထုတ်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သုတေသနအရာရှိ ဒေါ်ဖြူပြာလွင်၊ သာပေါင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင် ဦးဇော်ဝင်းထွန်းတို့က ပေါ်ဆန်းစပါး မျိုးကောင်း၊ မျိုးသန့်များရရှိရေး၊ ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ နည်းပညာဆိုင်ရာသုတေသန၊ ဒေသတွင်းထုတ်ကုန်သုတေသန၊ စျေးကွက်သုတေသနလုပ်ငန်းများ၊ စျေးကွက်ခိုင်မာမှု၊ ထုပ်ပိုးမှု၊ ပေါ်ဆန်းသီးသန့် စိုက်ပျိုးရေး ဇုန်များထူထောင်ရေး၊ ပေါ်ဆန်းစျေးကွက်အလားအလာများ၊ ဒေသဆိုင်ရာ အညွှန်းနှင့် ပတ်သက်၍ သိကောင်းစရာများဖြစ်သော မူပိုင်ခွင့်ဆိုင်ရာဥပဒေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တောင်သူကြီးများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များက ပြန်လည်ဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ် သည်များကို ဖြည့်စွက်ဆွေးခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေကြီးစီးမှူးနှင့် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပေါ်ဆန်းပြိုင်ပွဲနှင့်ပတ်သက်၍ အမှတ်ပေးဒိုင်တစ်ဦးက အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ် -၂၀၂၅ (၂)ရက်တာ ကျင်းပရာတွင် အဓိကပါဝင်ခဲ့သော စာတမ်းရှင်များနှင့် ပေါ်ဆန်းပြိုင်ပွဲတွင် ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းဖြင့် ပထမဆုရရှိသော ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာအုပ်စု တောင်သူဦးကြည်ခိုင်စိုးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုချီးမြှင့်ငွေများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများနှင့် ပေါ်ဆန်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဝါးခယ်မမြို့နယ် ကျုံပေါက်ကျေးရွာမှ တောင်သူဦးဆန်းဝင်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုချီးမြှင့်ငွေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကလည်းကောင်း၊ ပေါ်ဆန်းပြိုင်ပွဲတွင် တတိယဆုရရှိသော လပွတ္တာမြို့နယ် ဆားကျင်းကျေးရွာ တောင်သူဦးဆန်းထွန်းမြင့်နှင့် အထူးဆုရရှိသူများအား တိုင်းဒေသကြီး တရားသူကြီးချုပ်ကလည်းကောင်း၊ ပေါ်ဆန်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူ များကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေသည့် ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂နှင့် ရွှေနံ့သာပေါ်ဆန်း- ၂ စပါးမျိုးများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပေးအပ်ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ လက်ခံ ရယူခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဧရာဝတီတိုင်း ဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ ကျင်းပခြင်းနှင့်ပတ်သက်၍ သုံးသပ်အကြံပြု စကားပြောကြားရာတွင် "ပေါ်ဆန်းဖိုရမ်ကျင်းပခြင်းဖြင့် တောင်သူများအတွက် များစွာအကျိုးရှိ သောကြောင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ပေါ်ဆန်းစပါးစိုက်ပျိုးရာတွင် လိုအပ်သည့် နည်းပညာ များကို စိုက်ပျိူးရေးဦးစီးဌာနဝန်ထမ်းများထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ဧရာဝတီပေါ်ဆန်း အရည်အသွေးပိုမိုကောင်းမွန်လာစေရေးအတွက် ထုတ်လုပ်မှုအရည်အသွေး မြှင့်တင်ရေး၊ မျိုးစေ့ စနစ်များခိုင်မာစေရေး၊ ဈေးကွက်ရရှိမှုချဲ့ထွင်ရေး၊ လယ်သမားများ၏ အမြတ်အစွန်းမြှင့်တင်ရေး၊ ရာသီဥတုခံနိုင်ရည်မြှင့်တင်ရေး ဝိုင်းဝန်းကြိုးစားသွားရမည်ဖြစ်ကြောင်း” အကြံပြုစကား ပြောကြား ခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ပေါ်ဆန်းဖိုရမ်-၂၀၂၅ကို ကျင်းပခြင်းဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ပေါ်ဆန်းစိုက်တောင်သူများအပြင် video conferencing စနစ်ဖြင့် တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများနှင့်တောင်သူများအတွက်လည်း များစွာအကျိုးရှိမည်ဖြစ်ပြီး လိုအပ်ချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊  ဒုတိယဝန်ကြီး ဦးဆောင်သော စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များနှင့် ကျရာအခန်းကဏ္ဍများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် တန်ဖိုးကွင်းဆက်တစ်ခုလုံးအား ကျေးဇူးအထူးပင်တင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ဧရာဝတီ ပေါ်ဆန်းအရည်အသွေး ပြန်လည်ကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပေါ်ဆန်းဖိုရမ်မှ ရရှိသွားသော အသိပညာများကို လာမည့်ရာသီတွင် လက်တွေ့အသုံးချကာ အရည်အသွေးပြည့်ဝသော ပေါ်ဆန်းစပါးများရရှိရေး တောင်သူကြီးများမှ ကြိုးစားသွားကြရန်လိုကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာဖြင့် ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပို့ကုန်နှစ်ဆ တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းအောင် တက်ညီလက်ညီဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ” နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ပေါ်ဆန်းဖိုရမ်သို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)