မကွေး မတ် ၈
မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ ဥပဒေအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ဥပဒေအသိပညာပေး ဟောပြောပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ၉-၂-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၇ ဖြင့် ဖွဲ့စည်းပေးခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အဖွဲ့ခွဲ အဆင့်ဆင့်ကိုလည်း ဖွဲ့စည်းပေးခဲ့ ကြောင်း၊ ထိုကဲ့သို့ ဖွဲ့စည်းပေးရသည့် အကြောင်းအရင်းမှာ ယခင်ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ဦးဆောင်၍ တရားဥပဒေစိုးမိုးရေး စင်တာများကို ဖွင့်လှစ်ခဲ့ရာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနားတို့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး အများပြည်သူကို ဥပဒေအသိပညာပေးမှုများ ပံ့ပိုးပေးခဲ့ကြောင်း၊ ဥရောပသမဂ္ဂ(EU)၏ ရန်ပုံငွေဖြင့် British Council ၏ My Justice Program သည် ရန်ကုန်၊ မော်လမြိုင်၊ တောင်ငူ၊ ဘားအံ ၊တောင်ကြီး၊ မန္တလေးမြို့တို့တွင် စင်တာများ တည်ထောင်၍ ပြစ်မှုဖြင့် စွပ်စွဲခံရသည့် ဆင်းရဲနွမ်းပါးသူများကို ဥပဒေဆိုင်ရာ အထောက်အကူများ ပံ့ပိုးပေးခဲ့ရာမှ အောင်မြင်မှုများ ရရှိလာခဲ့သည်ကို တွေ့ရသဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့က တရားမျှ တမှုကဏ္ဍနှင့် သက်ဆိုင်သော အစိုးရဌာန အဖွဲ့အစည်းများနှင့် ပါဝင်ကူညီ ပံ့ပိုးဆောင်ရွက်နေကြသော ပြည်တွင်းပြည်ပအဖွဲ့အစည်းများအကြား လုပ်ငန်းများ ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာနှင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန် ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်းဖြစ်၍ အဖွဲ့ခွဲအနေဖြင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများကို အဓိကထား၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများအပြင် အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ဥပဒေပြုရေးဆိုင်ရာ အထောက်အကူပြုကော်မတီများ ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများဖြစ်သည့် လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ လမ်းမကြီးများဥပဒေ၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ သစ်တောဥပဒေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ အကာအကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းချက်များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက စီမံခန့်ခွဲသော ဥပဒေများအကြောင်းကို ဥပဒေအသိပညာပေး ဟောပြောပို့ချသွားမည် ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲအနေဖြင့် တရားစီရင်ရေးကဏ္ဍအပေါ် ဝင်ရောက်စွက်ဖက်ရန် မဟုတ်ဘဲ တိုင်ကြားစာများ ပေးပို့လာသည့်အခါတွင် ဆောင်ရွက်ရမည့်နည်းလမ်းများကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း၊ တရားစီရင်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ အများပြည်သူ၏ ယုံကြည်ကိုးစားမှု ရရှိစေရန် တရားရုံး၊ ဥပဒေရုံးနှင့် သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စွာဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် ယခုအဖွဲ့အနေဖြင့် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ပြည်သများအနေဖြင့် တည်ဆဲဥပဒေများကို သိရှိမှသာ ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းရှိမရှိကို ပိုင်းခြား ဝေဖန်လာနိုင်မည်ဖြစ်ပါကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ကြိုးစားလုပ်ဆောင်ပေးမှသာ နိုင်ငံနှင့် ပြည်သူများ၏ ကောင်းကျိုးရလဒ်များကို ဆောင်ကြဉ်းပေးစွမ်း နိုင်မည် ဖြစ်ကြောင်းနှင့် မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရား မျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲအနေဖြင့် အဖွဲ့ခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်ငန်းများနှင့်အညီ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ ယုံကြည်ကိုးစားမှုများ ရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စီမံခန့်ခွဲသော ဥပဒေများအကြောင်းကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေနှင့် တရားရုံးများ၏တရားမမှုများတွင် စေ့စပ်ဖြေရှင်းရေး လုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း၊ အမှတ်(၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး မင်းလွင်ကယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ တရားလွှတ်တော်ရှေ့နေ ဦးစောဝင်းမောင်က သစ်တောဥပဒေနှင့် အမျိုးသမီးများအပေါ် အကာအကွယ် ပေးထားသည့် ဥပဒေများအကြောင်းနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ် ဦးသက်မှူးကိုက လမ်းမကြီးများဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများအကြောင်းတို့ကိုလည်း ဆွေးနွေးဟောပြောပို့ချခဲ့ကြောင်း သိရသည်။
မောင်ညီညာ