မအူပင် မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မတ်လ(၅)ရက်နေ့က မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည်မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည်သည် အမှတ်(၁)ရပ်ကွက်ရှိ POLYTECHNIC UNIVERSITY (MAUBIN) FACULTY OF COMPUTING ကျောင်းအတွင်းပျက်စီးဆုံးရှုံးမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် တလုပ်လပ်အနောက်ကျေးရွာအုပ်စုရှိ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနရုံးအတွင်း ပျက်စီးဆုံးရှုံးမှုများအားကြည့်ရှုစစ်ဆေးခြင်း၊ အမှတ်(၁)ရပ်ကွက်ရှိ ဦးလှဝင်းနေအိမ်ပြိုကျပျက်စီးမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ အမှတ်(၁)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် အမှတ်(၃)သိုလှောင်ရုံ အရှေ့မျက်နှာစာ အုတ်နံရံပြိုကျပျက်စီးမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ အမှတ်(၁)ရပ်ကွက်ရှိ ခရိုင်တရားရုံး၏ ဘုရားခန်း၊ တရားသူကြီးနားနေခန်းများ၊ တရားခွင်များ၊ စီမံခန်း၊ သက်သေနားနေဆောင်နှင့် ဘီလစ်ခန်းစသည့်နေရာများတွင် အင်္ဂတေနံရံများ ကွာကျပျက်စီးခြင်း၊ အုတ်နံရံများကွဲအက်ခြင်းများအား ကြည့်ရှု့စစ်ဆေးခြင်း၊ အမှတ်(၃)ရပ်ကွက်ရှိဦးခင်မောင်ညွန့်နေအိမ် နံရံပြိုကျပျက်စီးမှုအားကြည့်ရှုစစ်ဆေးခြင်းနှင့် တလုပ်လပ်အရှေ့ကျေးရွာအုပ်စုရှိ ငါးလုပ်ငန်းစခန်းငါးသားပေါက်မှန်ပုံများ ကွဲအက်ပျက်စီးခြင်းများအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့်တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြရာ လူမှုရေးရာဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)