ထားဝယ် မတ် ၈
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းနိုင်ငံတော်က ခွဲဝေသတ်မှတ်ပေးထားသော ဘဏ္ဍာရန်ပုံငွေနှင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ ဆောင်ရွက်နိုင်ရန်အတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်ကခွဲဝေပေးသည် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဘဏ္ဍာငွေသည် သတ်မှတ်ကာလရှိသောကြောင့် သတ်မှတ်ကာလ ပြီးစီးအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ဌာနဆိုင်ရာများ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကုမ္ပဏီ၊လုပ်ငန်းရှင်များက ဆောင်ရွက်နေသည့် လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး၊ သတ်မှတ်စံချိန်းစံညွှန်းနှင့် ကိုက်ညီစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လာမည့်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေများ ဆောင်ရွက်ရမည့်ဖြစ်သည့်အတွက် အလေးနက်ထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေအား သုံးစွဲသည့်အခါတွင် အရေးကြီးပြီး ရရှိသော ဘဏ္ဍာရန်ပုံငွေအား အကျိုးရှိစွာ အသုံးချဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေး ကောင်းမွန်အောင် စေတနာထားပြီး လုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်နေဆဲလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)