ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးများ စတင်စိုက်ပျိုး

ပွင့်ဖြူ မတ် ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ဆန်စပါး စားားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ယခုလဆန်းပိုင်းကစပြီး နွေစပါးများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးသီးနှံ ၃၃၂၃၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ သတ်မှတ်လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့ကစပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများကို နွေစပါးစိုက်ပျိုးမည့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးခဲ့သဖြင့် ဒေသခံတောင်သူများက ဆည်ရေရရှိသည့်အချိန်မှစတင်၍ မိမိတို့၏ လယ်ယာမြေများကို ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းများ ဆောင်ရွက်ကာ ယခုလဆန်းပိုင်းကစတင်၍ နွေစပါးသီးနှံများကို ကြိုးပမ်းစိုက်ပျိုးနေကြကြောင်း သိရသည်။   

"ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆန်စပါးစားနပ်ရိက္ခာဖူလုံပိုလျှံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး နွေစပါး ၃၃၂၃၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒေသတွင်းရှိ စပါးစိုက်ပျိုးတောင်သူများကို နွေစပါးသီးနှံလျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ယခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့ကစပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ စနစ်တကျ ဖြန့်ဝေပေးခဲ့ပါတယ်။ ဒါ့အပြင် နွေစပါးသီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ပန်းတိုင်အထွက်နှုန်းများရရှိဖို့နဲ့ အရည်အသွေးကောင်းမွန်စေဖို့အတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များမှန်ကန်ပြီး စိုက်ပင်အရေအတွက် ပြည့်မီအောင် စိုက်ပျိုးရေး၊ မြေဩဇာနဲ့ သွင်းအားစုတွေ စနစ်တကျ သုံးစွဲတတ်စေရေး၊ ပိုးမွှားရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေး စတဲ့ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၅)မြို့နယ်တွင် ဆည်ရေသောက်ဧရိယာ အများဆုံးဖြစ်၍ ဒေသခံတောင်သူများက ဆန်စပါးစားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်ရေ၊ မြေအောက်ရေ၊ ဆိုလာလျှပ်စစ်ရေတင်စနစ်တို့ဖြင့် နွေစပါးသီးနှံကို လျာထားစိုက်ဧက ပြည့်မီကျော်လွန်အောင် ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ် နွေသီးနှံရာသီတွင် ဒေသခံတောင်သူများက ဈေးကွက်ရှိပြီး အထွက်နှုန်းကောင်းမွန်သော ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ချမ်းမြေ့မေ၊ ဆာဖိုးသာ၊ ပခန်းရွှေဝါ၊ ထိုင်းနှံကောက်၊ GW-11 စပါးမျိုးနှင့် ရက် ၁၀၀ စပါးမျိုးတို့ကို အားထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)