ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရွှေဘို မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုသင်တန်းကျောင်းတို့ပူးပေါင်း၍လူငယ်များဗလငါးတန်းပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာစကားပြောဆိုနိုင်‌‌ရေးနှင့် လူမှုရေးအသိပညာများ မြှင့်တင်နိုင်‌ရေးတို့အတွက်ရည်ရွယ်၍ “လူငယ်စကားဝိုင်း”ကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရွှေဘိုသူနာပြုသင်တန်းကျောင်း သပြေညိုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး မာမီဒေါ်ကေသွယ်မိုးက အဖွင့်အမှာစကားပြောကြားရာ “လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်ကြောင်း၊ လူငယ်များ၏စွမ်းရည်ကိုမြှင့်တင်ပေးခြင်းဖြင့်နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်းနှင့်လူငယ်စကားဝိုင်းများသည် လူငယ်များအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ‌‌ဒေါ်အေးမြမွန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားရာ “လူငယ်များအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အသိပညာများ မြှင့်တင်ပေးခြင်းသည် အရေးကြီးကြောင်း၊ ယခုလိုလူငယ်စကားဝိုင်းများသည် လူငယ်များအတွက် မိမိကိုယ်ကိုယုံကြည်မှုရှိလာစေရန် ကူညီပေးပြီး လူမှုအသိုင်းအဝိုင်းအတွင်း ပါဝင်ဆောင်ရွက်လိုစိတ် ကိုမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက်လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ ဒုတိယဦးစီးမှူး ‌ဒေါ်ခိုင်ဇင်က ဦးဆောင် ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍ မောင်ပြည်ဖြိုးမောင်က “လူငယ်နှင့် စာဖတ်ခြင်း”၊ မောင်မျိုးဇင်ဦးက “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ မအင်ကြင်းစံက “လူငယ်နှင့်ရည်မှန်းချက်”၊ မရည်မွန်စိုးက “နှစ်သက်ဆုံးစာအုပ်တစ်အုပ်”စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသူများနှင့်သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူအသီးသီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းသို့ သူနာပြုသင်တန်းကျောင်းမှ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ လူငယ်စကားဝိုင်းများသည် လူငယ်များအတွက် အသိပညာနှင့် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ခဲ့ပြီး၊ နောင်တွင်လည်း ယခုလိုလူငယ်စကားဝိုင်းများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)