မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မော်လမြိုင်ကျွန်း မတ် ၇

ဧရာဝတီတိုင်း‌ဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးကြီးမှူး၍ မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ည(၇)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဦးဌာနမှ ဦးစီးအရာရှိ(ကိုယ်စား) ဒုတိယမီးသတ်ဦးစီးမှူး ဦးအေးချမ်းအောင်နှင့်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့်ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးမှုမရှိစေရေးအတွက် မိမိနေအိမ်တွင်အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများ ချက်ပြုတ်ပါက လျှပ်စစ်မီးစနစ်တကျ ကိုင်တွယ်အသုံးပြုရေး၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ချက်ပြုတ် ပါက မီးကြွင်းမီးကျန်များအား စနစ်တကျငြှိမ်းသတ်ရန်၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့်ရေပုံးများ အဆင်သင့်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီ သတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည်အချက်များအား လိုက်လံနှိုးဆော်ပေးမှုများ ဆောင်ရွက်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအပြင် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင်လည်း လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့ အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခန်းများကိုလည်း စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)